သဇင်
ဧပြီ ၁၂ ၊၂၀၂၃။
မွန်ပြည်ကာကွယ်ရေးတပ် (MSDF)ထံသို့ မွန်လက်နက်ကိုင် အဖွဲ့(၂)ဖွဲ့ လာရောက်ပူးပေါင်းသည် ဟု( MSDF)ကယမန်နေ့ကထုတ်ပြန်ထားသည်။
ရာမညတပ် (တာဝန်ခံ) နိုင်ချမ်းနှင့် တနင်္သာရီ ဒေသတပ် (တာဝန်ခံ) နိုင်တမော့ချမ်း၊ နိုင်မွန်သိန်း နှင့် နိုင်နိုင်တို့ဦးဆောင်ကာ (MSDF)ထံ ပူးပေါင်းခြင်းဖြစ်သည်။
အမျိုးသား တန်းတူရေးနှင့် ကိုယ်ပိုင် ပြဌာန်းခွင့် အပြည့် အဝရှိသော ဖက်ဒရယ် စနစ်ကို တည်ထောင်ရန် ပူးပေါင်းရခြင်းဖြစ်သည်ဟု မွန်ပြည်ကာကွယ်ရေးတပ် နိုင်ငံရေးစစ်ရေးဦးဆောင်ကော်မတီ ဥက္ကဌ ဒေါက်တာ သီရိမွန်ချမ်းက သံလွင်ခက်ကိုပြောသည်။
“MSDFအနေနဲ့ တောင့်တင်းခိုင်မာတဲ့ တပ်တစ်ခုဖြစ်အောင် ထူထောင်ပြီး စစ်ကောင်စီကို တော်လှန်တိုက်ပွဲဝင်နေကြတဲ့ ယုံကြည်ချက်တူ၊သဘောထားချင်;တူတဲ့မွန်လက်နက်ကိုင်အဖွဲ့တွေနဲ့ ပူးပေါင်းရခြင်းဖြစ်တယ်“ဟု ၎င်းကပြောသည်။
လူမျိုးချင်းတူသည့် မွန်လက်နက်ကိုင်အဖွဲ့များသာမက စစ်ကောင်စီအား တော်လှန်တိုက်ပွဲဝင်နေကြသည့် အခြားသော လက်နက်ကိုင် အဖွဲ့စည်းများနှင့်လည်း အတူတကွတိုက်ပွဲဝင်ရန် ရည်ရွယ်ထားသည်ဟု ၎င်းက ဆက်ပြောသည်။
မွန်ပြည်သူလူထုနှင့် ဒေသခံများ၏ အသက် အိုးအိမ်စည်းစိမ် လုံခြုံရေးကို ကာကွယ်ပြီး အာဏာရှင် စနစ်မျိုးစုံကိုတိုက်ဖျက်ကာ (MSDF)အဖွဲ့ဝင် တပ်အဖြစ် အတူတကွတိုက်ပွဲဝင်သွားမည်ဟုဦးဆောင်သူများကပြောသည်။
မွန်ပြည်သူလူထုနှင့် ဒေသခံတစ်ရပ်လုံး အာဏာရှင်စနစ်ချုပ်ငြိမ်းရေး၊ ဖယ်ဒရယ်ပြည်ထောင်စု တည်ထောင်ရေးအတွက် ပူးပေါင်းပါဝင်ကြရန်လည်း MSDF ကတိုက်တွန်းထားသည်။
အခက်ခဲများကြားက မွန်လက်နက်ကိုင်တပ်ဖွဲ့အချင်းချင်း ပူးပေါင်းပြီး လက်တွဲတော်လှန်ခြင်းသည် တော်လှန်ရေးလုပ်ငန်းစဉ်များတွင် ပိုမိုထိရောက်စွာ လုပ်ဆောင်လာနိုင်လိမ့်မည်ဟု နိုင်ငံရေး တက်ကြွလှုပ်ရှားသူ မွန်အမျိုးသားတစ်ဦး က ပြောသည်။
“အခု မွန်လက်နက်ကိုင်တပ်ဖွဲ့တွေ ပေါင်းစည်းသွားတဲ့အပေါ်မှာ ကောင်းကျိုးများစွာရှိတယ်လို့ ကျွန်တော်မြင်တယ်။ အရင်ထက် အခုကာလက ပိုပြီးကြပ်တည်း ခက်ခဲတယ်။ အဲတော့ အခုလိုအချိန်မှာ အတူတစ်ကွ လက်တွဲပူးပေါင်းပြီး ဆက်တော်လှန်ကြမှာဖြစ်တဲ့အတွက် အများကြီးအားရှိပါတယ်။ ပြီးတော့ ပိုပြီး စည်းလုံးလာတယ် ဆိုတာလည်း မြင်ရတယ်။ အဓိကတော့ဗျာ ကျွန်တော်တို့ဟာ ရည်မှန်းချက်တူတယ် ပန်းတိုင်တူတယ် အဲလိုမျိုးပေါင်းစည်းနိုင်တဲ့အတွက် တော်လှန်ရေးကို ရှေ့ဆက်ပိုပြီး ထိထိရောက်ရောက် လုပ်ကိုင်နိုင်လိမ့်မယ်“ဟု ၎င်းကပြောသည်။
ယခုနှစ် ဧပြီလ ၆ ရက်နေ့ကလည်း ကရင်ပြည်နယ်အခြေစိုက် Venom စစ်ကြောင်းသည် ကော်ဘရာစစ်ကြောင်းသို့ ပူးပေါင်းမှုများရှိခဲ့သည်။
*******************
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk
YouTube -> https://youtu.be/zxRTM_OZtf4
Website -> https://thanlwinkhet.net/?p=3554
Website ->https://eng.thanlwinkhet.net