Saw Smith
ဧပြီ ၁၁ ၊ ၂၀၂၃ ။
ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်အတွင်းကို စစ်ကောင်စီတပ်က ယနေ့ညပိုင်း၌ တိုက်လေယာဉ်ဖြင့်လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု မင်းတပ်CDF ပြန်ကြားရေးတာဝန်ရှိသူက သံလွင်ခက်ကိုပြောသည်။
ယနေ့ ဧပြီလ ၁၁ရက်၊ ည ၇ နာရီ၄၅ အချိန်ခန့်တွင် မင်းတပ်မြို့နယ် တိုက်နယ် ၁ ဖက်ရှိ ကျေးရွာ တစ်ရွာကို ဂျက်ဖိုက်တာဖြင့် ၄ကြိမ် ဗုံးကြဲ တိုက်ခိုက်ခဲ့သည်ဟု သိရသည်။
စစ်ကောင်စီတပ်က လေကြောင်းဖြင့်လာရောက်တိုက်ခဲ့သည့်နေရာသည် ယနေ့တွင်တိုက်ပွဲဖြစ်ပွားခြင်းမရှိဟု မင်းတပ်CDF ပြန်ကြားရေးတာဝန်ခံ ဆလိုင်းဟာအွမ်က သံလွင်ခက်ကိုပြောသည်။
” တိုက်ပွဲမရှိဘူး။ သိပ်မကြာခင်ရက်ကတိုက်ပွဲဖြစ် ထားတဲ့နေရာနဲ့မနီးမဝေးလို့ပဲပြောရမယ်။ အခုချိန်ထိသတင်းပို့ချက်အရ ရဲဘော်တွေကော ပြည်သူတွေပါတစုံတရာထိခိုက်မှုမရှိဘူးလို့သိရပါတယ်ခင်ဗျ” ဟု ဆလိုင်းဟာအွမ်က ည၁၀ နာရီကျော်အချိန်တွင်ပြောသည်။
ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်နှင့် မကွေးတိုင်းဒေသကြီး ဆောမြို့နယ် ကျောက်ထုဒေသ အစပ်တွင် ယခုဧပြီလ၇ရက်တွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က ထိုနေ့ညသန်းခေါင်ယံအချိန်ဝန်းကျင်တွင် တိုက်လေယာဥ်ဖြင့် နှစ်ကြိမ်လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သည်။
ထိုနေ့ညဗုံးကြဲတိုက်ခိုက်ခံရမှုတွင်လည်း ပြည်သူများနှင့်ကာကွယ်ရေးရဲဘော်များ ထိခိုက်မှုမရှိခဲ့ဟု သိရသည်။ မင်းတပ်နှင့်ကျောက်ထုဒေသအစပ်ကို စစ်ကောင်စီတပ်က စစ်ကြောင်းနှစ်ကြောင်းဖြင့် စစ်ကြောင်းထိုးလာသောကြောင့် မင်းတပ်CDFအပါအဝင်ဒေသခံကာကွယ်ရေးတပ်များနှင့် တွေ့တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
စစ်ကောင်စီတပ်သည် ယခုနှစ်အစပိုင်းမှစ၍ ချင်းပြည်နယ်အတွင်းကို ဝေဟင်၊ မြေပြင်တို့မှ ထိုးစစ်ဆင်နေသည့်အပြင် အရပ်သားပစ်မှတ်များကိုလည်း လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်နေရာ ဧပြီလ ၁၀ရက်တွင်လည်း ဖလမ်းမြို့နယ်၊ ဝေဘူလမြို့တွင် တိုက်လေယာဥ်ဖြင့်ဗုံးကြဲခဲ့သောကြောင့် ပြည်သူ၉ဦးသေဆုံးခဲ့ရသည်။
*******************************
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk
YouTube -> https://youtu.be/zxRTM_OZtf4
Website -> https://thanlwinkhet.net/?p=3542
Website ->https://eng.thanlwinkhet.net