သံလွင်ခက်။
ဧပြီ ၁၁ ၊ ၂၀၂၃။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ၏ ရုံးအဆောက်အဦးများနှင့် ပါတီဆိုင်းဘုတ်များကို ဖျက်ဆီးဖြုတ်ချနေခြင်းသည် ပြဌာန်း ဥပဒေများကို ကျော်လွန်သည့် လုပ်ရပ်ဟု ဥပဒေပညာရှင်များက ထောက်ပြပြောဆိုသည်။
ဖျက်သိမ်းခံထားရသည့် ပါတီပိုင်ပစ္စည်းများကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း နည်းဥပဒေများထဲမှ နည်းလမ်း၊သတ်မှတ်ချက်အတိုင်း ဆောင်ရွက်ရမည်ဟု အတိအလင်း ပြဌာန်းထားပြီး ဖြစ်သည်။
ထိုသို့ဆောက်ရွက်ရမည်ဖြစ်သော်လည်း အဆောက်အဦးများ ဝင်ရောက် ဖျက်ဆီးခံနေရခြင်းသည် ဥပဒေမဲ့ပြီး စစ်ခေါင်းဆောင်တွင် အုပ်ချုပ်နိုင်မှု အာဏာမရှိသည်ကို မီးမောင်းထိုးပြသနေသည်ဟု တရားလွှတ်တော်ရှေ့နေဦးမင်းမင်းက ပြောသည်။
၎င်းက ” ပါတီပိုင်ပစ္စည်းတွေ စနစ်တကျ လွှဲပြောင်းရယူတဲ့ နည်းလမ်းတွေ သတ်မှတ်ချက်တွေရှိတယ်။ အခုဖြစ်ပျက်နေတဲ့ အခြေနေကို ကြည့်လိုက်ရင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပါတီမှတ်ပုံမတင်လို့ အဆောက်ဦးတွေပစ္စည်းတွေ ပရမ်းပတာဖျက်ဆီးခံရတာဟာ တရားဥပဒေစိုးမိုးနိုင်တဲ့ အုပ်ချုပ်နိုင်တဲ့ အာဏာ သူ( စစ်ကောင်စီ )မှာမရှိတာ သူဟာသူ ပြနေတဲ့ သဘောဖြစ်တယ် ” ဟုဆိုသည်။
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း နည်းဥပဒေများမှ အခန်း ၄ ပုဒ်မ ၂၀က တွင် ပါတီတစ်ခုသည် မိမိဆန္ဒအလျောက် ဖျက်သိမ်းလျှင်ဖြစ်စေ သို့တည်းမဟုတ် ဥပဒေအရ မှတ်ပုံတင်ထားခြင်းကို ပယ်ဖျက်ခံရပါက ပါတီပိုင်ပစ္စည်းများကို နိုင်ငံတော်အစိုးရက သတ်မှတ်ပေးသည့် ဌာန၊ အဖွဲ့အစည်းသို့သတ်မှတ်သည့် နည်းလမ်းအတိုင်း အပ်နှံရမည်ဟုပါရှိသည်။
ထို့ပြင် နည်းဥပဒခွဲ –က အရ အပ်နှံသည့် ပစ္စည်းနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းသည် နိုင်ငံတော်အစိုးရ၏ ညွှန်ကြားချက်အတိုင်းလိုက်နာဆောင်ရွက်ရမည် ဖြစ်သည်။
စစ်ကောင်စီလက်အောက်ခံ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ပြီးခဲ့သည့် မတ်လ ၂၈ ရက်တွင် လူထုထောက်ခံမှုအများဆုံးရရှိထားသည့်အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်တို့အပါအဝင် ပါတီ ၄၀ ကျော်ကို သတ်မှတ်ရက်အတွင်း ပြန်လည်မှတ်ပုံမတင်သည့်အကြောင်းပြချက်ဖြင့်ပယ်ဖျက်ကြောင်း ကြေညာခဲ့သည်။
ထုတ်ပြန်ကြေညာခဲ့ပြီးနောက် မတ်လကုန်ပိုင်း၊ ဧပြီပထမအပတ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် အရပ်ဝတ်များက NLD ပါတီရုံး ဆိုင်းဘုတ်တချို့ဖျက်ဆီးဖြုတ်ချခဲ့ပြီး ရုံးခန်းတချို့ကို ဖျက်ဆီးမှုများ လုပ်ဆောင်ခဲ့သည်။
၂၀၂၃ ခုနှစ် ၊ ဧပြီလ ၄ ရက် ညနက်ပိုင်းတွင် လူအင်အားအသုံးပြုကာ မန္တလေးမြို့ ပုသိမ်းကြီးမြို့နယ် NLD ပါတီရုံးကို ဖျက်ဆီးမှုများ လုပ်ဆောင်ခဲ့သည်။
ပုသိမ်ကြီးမြို့နယ်ရုံးကို လာရောက်ဖျက်ဆီးသူများထဲတွင် စစ်ကောင်စီတပ် ယူနီဖောင်းဝတ်ထားသူများပါဝင်သလို မဝတ်ထားသူများလည်းပါဝင်သည်ဟု သံလွင်ခက်က စုံသမ်းသိရှိရသည်။
ဧပြီလ ၇ ရက် ညပိုင်းတွင် မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ရုံးကိုလည်း ဖျက်ဆီးမှုများ လုပ်ဆောင်ခဲ့ကြသည်။
ပါတီရုံး ဆိုင်းဘုတ် တချို့ဖျက်ဆီးဖြုတ်ချခံရမှု နှင့် ရုံးခန်းတချို့ဖျက်ဆီးခံနေရသည့်လုပ်ရပ်များသည် ပါတီကိုဖျက်ဆီးရန်အတွက် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခြင်းဖြစ်သည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီမှအလုံမြို့နယ်၊ အမှတ် (၁) ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ပြည့်က ပြောသည်။
၎င်းက ” ပါတီတွေကို ရွေးကောက်ပွဲ ဦးဆောင်ကျင်းပမယ့် UEC ဆိုတဲ့ အဖွဲ့စည်းတစ်ခုက သူတို့ရွေးကောက်ပွဲကိုမဝင်တဲ့ပါတီတစ်ခုကို ဒီလို ဖျက်လို ဖျက်ဆီးလုပ်တယ်ဆိုတဲ့ ကိစ္စက နဂိုထဲက ပါတီကို ဖျက်ဆီးဖို့အတွက်စနစ်တကျပြင်ဆင်ပြီး ရည်ရွယ်ချက်ရှိရှိလုပ်တယ်လို့ ယူဆတယ် “ဟု ဆိုသည်။
အာဏာသိမ်းပြီးနောက် ၂၀၂၃၊ မတ်လ ၂၉ ရက်ထိ ပါတီဗဟိုရုံးချုပ်အပါအဝင် တိုင်း၊ ခရိုင်၊ မြို့နယ်ရုံးပေါင်းအကြိမ် ၁၂၀ ကျူးကျော်ဝင်ရောက်ဖျက်ဆီးခြင်း ခံခဲ့ရသည်။
ထို့ပြင်လွှတ်တော်ကိုယ်စားလှယ် ၂၀၆ ဦး အပါအဝင် ပါတီဝင် ၃၇၁ ဦးတို့၏ နေအိမ်ပိုင်ဆိုင်မှုများ ချိပ်ပိတ်သိမ်းဆည်း ခံထားရကာ ပါတီဝင် ၄၇ ဦးတို့၏ နေအိမ်များကိုလည်း ဝရမ်းကပ်ထားသည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ထုတ်ပြန်ထားသည်။
ပုံစာ – ဖျက်ဆီးခြင်း ခံထားရသည့် တောင်သာမြို့နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ရုံး မြင်ကွင်း။
*******************************
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk
YouTube -> https://youtu.be/zxRTM_OZtf4
Website -> https://thanlwinkhet.net/?p=3536
Website ->https://eng.thanlwinkhet.net