ကောင်းချစ်အောင်
ဧပြီ ၁၀၊ ၂၀၂၃။
စစ်ခေါင်းဆောင်က ခွင့်ပြုပေးလိုက်သည့် ကာကွယ်ရေးအသုံးစရိတ် ကျပ်ဘီလီယံ ၅၆၀၀ ကျော်သည် ပညာရေးကဏ္ဍတွင် သုံးစွဲမည့်ပမာဏထက် သုံးဆနီးပါးများနေသည်ကို ၂၀၂၃–၂၀၂၄ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေပါ အချက်များအရ သိရသည်။
ဧပြီလမှ စတင်ပြီး တစ်နှစ် သက်တမ်းရှိသည့် ၂၀၂၃–၂၀၂၄ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကို စစ်ခေါင်းဆောင်က ပြီးခဲ့သည့် မတ်လ ၃၁ ရက်နေ့တွင် လက်မှတ်ထိုး အတည်ပြုပေးခဲ့ခြင်းဖြစ်သည်။
ဝန်ကြီးဌာနများနှင့် ဦးစီးဌာနများ စုစုပေါင်းအသုံးစရိတ်အတွက် ကျပ်ဘီလီယံပေါင်း နှစ်သောင်းခန့်ချမှတ်ထားခြင်းဖြစ်ပြီး အဆိုပါ အသုံးစရိတ်တွင် ကာကွယ်ရေးအတွက် ကျပ်ဘီလီယံ ၅၆၀၀ ကျော်ပါဝင်သည်။
ပညာရေးအသုံးစရိတ်အတွက် ကျပ်ဘီလီယံ ၂၀၀၀ ကျော် သုံးစွဲရန်လျာထားသည့်အတွက် နှိုင်ယှဉ်ပါကသုံးဆနီးပါး ကွာခြားနေခြင်းဖြစ်သည်။
ယမန်နှစ် ၂၀၂၂–၂၀၂၃ ဘဏ္ဍာနှစ်တွင် ကာကွယ်ရေးအသုံးစရိတ်အတွက် ကျပ်ဘီလီယံ ၃၇၀၀ ကျော်သုံးစွဲခဲ့ပြီးယခုနှစ်တွင် ကျပ်ဘီလီယံ ၂၀၀၀ ကျော် တိုးလာခဲ့ခြင်းဖြစ်သည်။
စစ်ကောင်စီ၏ ယခုနှစ် ကာကွယ်ရေးအသုံးစရိတ်သည် ဝန်ကြီးဌာနများ နှင့် ဦးစီးဌာနများ အသုံးစရိတ်စုစုပေါင်း၏ လေးပုံတစ်ပုံကျော်ခန့်ရှိနေပြီး ဒုတိယအများဆုံးအဖြစ် ကျပ်ဘီလီယံ ၄၃၀၀ ကျော်ဖြင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနက ရပ်တည်နေသည်။
စစ်ကောင်စီသည် လျှပ်စစ်ကဏ္ဍအတွက် ကျပ်ဘီလီယံ ၇၀၀ခန့်နှင့် ကျန်းမာရေးအသုံးစရိတ်အဖြစ် ကျပ်ဘီလီယံ၈၀၀ ကျော်သုံးစွဲသွားမည်ဟုထုတ်ပြန်ထားသည့် စာရင်းများတွင် ဖော်ပြထားသည်။
ထို့ပြင် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးကော်ပိုရေးရှင်းအတွက် ကျပ်ဘီလီယံ ၁၁၀၀ကျော်နှင့် မန္တလေးလျှပ်စစ်ဓာတ်အားပေးကော်ပိုရေးရှင်းအတွက် ကျပ်ဘီလီယံ ၅၀၀ ကျော်ကို ပြည်ထောင်စုရန်ပုံငွေဘတ်ဂျက်ပြင်ပမှ ထပ်တိုးသုံးစွဲသွားရန် စစ်ကောင်စီက ပြင်ဆင်နေသည်။
source-CINCDS
*********************************
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk
YouTube -> https://youtu.be/kazoupBwT0Y
Website -> https://thanlwinkhet.net/?p=3492
Website ->https://eng.thanlwinkhet.net