သံလွင်ခက်။
ဧပြီ ၁၀ ၊ ၂၀၂၃။
ပဲခူးတိုင်း ( အရှေ့ခြမ်း ) ၊ ဖြူးမြို့နယ်၊ ကညွတ်ကွင်းမြို့အဝင် သံတံတားအနီးတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့PDF ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကြား နှစ်ဘက် အပြန်အလှန်ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သည်ဟုဒေသခံများထံက သိရသည်။
ယမန်နေ့ ၊ ဧပြီ ၉ ရက် ၊ မနက်ပိုင်းက ကညွတ်ကွင်းမြို့အဝင် သံတံတားအနီး စစ်ကောင်စီဂိတ်စခန်းအနီး နှစ်ဘက်အပြန်အလှန် ပစ်ခတ်မှုများဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ယင်းနေရာအနီးတွင်ရှိသည့်ဒေသခံတစ်ဦးက သံလွင်ခက်သတင်းဌာနကို ပြောသည်။
၎င်းက ” တံတားအဆင်းက ကျောင်းရှေ့နားမှာဖြစ်ကြတာ။ အပြန်လှန် ပစ်နေရင်း စစ်ကောင်စီဘက်က အင်အားထပ်ရောက်လာတာတွေရှိတော့ ပစ်ခတ်တာက ၂ နာရီကျော်လောက် ကြာသွားတယ် ” ဟုဆိုသည်။
အဆိုပါ ဖြစ်စဉ်ကြောင့် ကားလမ်းအသုံးပြုမှု ယာယီရပ်ဆိုင်းထားရပြီး ယာဉ်များ ခေတ္တပိတ်သွားသည်ဟု ယာဉ်လိုင်းပြေးဆွဲနေသည့် ယာဉ်မောင်းတစ်ဦးက ပြောသည်။
၎င်းက ” သံတံတားနား တိုက်ပွဲဖြစ်တော့ တချို့ကားတွေ ပြန်လှည့်သွားတယ်၊ ခနကားသွားလာတာကို ပိတ်လိုက်တာ။ နေ့လည်ပိုင်း ပြန်ဖွင့်ပေးတော့ လမ်းပေါ်မှာ အလောင်းတွေ တွေ့ရတယ်ဗျ ” ဟုဆိုသည်။
နှစ်ဘက် အပြန်လှန် ပစ်ခတ်မှုအတွင်း စစ်ကောင်စီဘက်မှ ၅ ဦးသေဆုံးကာ ၃၀ ကျော် ထိခိုက်ဒဏ်ရာရှိခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်မှ ၁ ဦးကျဆုံးပြီး ၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံ သတင်းရင်းမြစ်များထံကသိရသည်။
တိုက်ပွဲဖြစ်စဉ်နှင့် ပတ်သက်၍ မည်သည့်အဖွဲ့ကမှ တစ်စုံတရာ ထုတ်ပြန်ထားခြင်းမရှိသေးဘဲ သံလွင်ခက်ကဆက်လက်စုံစမ်းအတည်ပြုနေဆဲ ဖြစ်သည်။
ပြီးခဲ့သည့် မတ်လ ၃၁ ရက်နေ့ကလည်း ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် အရှေ့ဘက် ပဲခူးရိုးမပေါ်သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့နှင့် သာယာဝတီခရိုင် PDF တပ်ရင်း ၃၈၀၂ ၊တပ်ခွဲ ၃တို့ ကြားထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သေးသည်။
ပုံစာ – တောင်ငူခရိုင် PDF တပ်ရင်း ၃၅၀၁မှ တပ်ဖွဲ့ဝင်များ
Photo – ပဲခူးတိုင်းဒေသကြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့
*********************************
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk
YouTube -> https://youtu.be/kazoupBwT0Y
Website -> https://thanlwinkhet.net/?p=3474
Website ->https://eng.thanlwinkhet.net