သဇင်
ဧပြီ ၆၊ ၂၀၂၃။
စစ်ကိုင်းတိုင်း၊ ပုလဲအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDFစခန်းတစ်ခုအား စစ်ကောင်စီတပ်ဖွဲ့ဝင်များကMi35 ရဟတ်ယာဉ်( ၂)စင်းဖြင့် လေကြောင်းမှ တိုက်ခိုက်ခဲ့သည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်များကပြောသည်။
ယမန်နေ့ ဧပြီလ ၅ရက် မနက် ၉နာရီခွဲခန့်တွင် ပုလဲအခြေစိုက် M7 PDF စခန်းအား လေကြောင်းမှတိုက်သည်နှင့်တစ်ပြိုင်နက် မြေပြင်တွင်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ အင်အားတိုးချကာ M7စခန်းအား ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်သည်ဟု M7 အဖွဲ့ခေါင်းဆောင် ဗိုလ်မင်းအောင်က သံလွင်ခက်ကိုပြောသည်။
“Mi35 (စစ်ဘက်သုံးတိုက်လေယာဉ်)နှစ်စင်းနဲ့ ဆက်တိုက်ပစ်တာ ၄၅ မိနစ်လောက်ရှိတယ်။Mi17နှစ်စင်းက နှစ်ခေါက်ပြန် လူအင်အားလာချသွားပြီးတော့ ကုန်းကြောင်းက သူတို့လူတွေဝင်လို့ရအောင်ဆက်တိုက်ပစ်တာ။ ပြန်ခုခံဖို့တောင် အချိန်မရဘူး “ဟု ၎င်းကပြောသည်။
အဆိုပါဖြစ်စဉ်ကြောင့် ကာကွယ်ရေးတပ်ဖွဲ့ဝင်များ၏ M4တစ်လက်နှင့် ၆၀ မမ၊ ၈၀ မမ အချို့ဆုံးရှုံးခဲ့ပြီး တပ်ဖွဲ့ဝင် (၇)ဦးလည်း အဆက်သွယ် ပြတ်နေသည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။
ပျောက်ဆုံးနေသည့် တပ်ဖွဲ့ဝင် (၇)ဦးအနက် (၄)ဦးမှာ ပြင်းထန်ဒဏ်ရာရရှိထားသည်ဟု ၎င်းကဆက်ပြောသည်။
ယင်းဖြစ်စဉ်ကြောင့် M7စခန်းနှင့်နီးစပ်ရာ အနီးတစ်ဝိုက်ရှိကျေးရွာများမှ ဒေသခံပြည်သူများ ဘေးလွတ်ရာသို့ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင် တစ်ဦးကပြောသည် ။
“လူအများကြီး ရှိနေတဲ့နေရာကို အခုလိုပစ်တာက ကြီးမားတဲ့ စစ်ရာဇဝတ်မှုကျူးလွန်နေတဲ့အနေထားပါ။ပြည်သူတွေ ကမ္ဘာပျက်သလိုပါပဲ လွတ်ရာကိုထွက်ပြေးနေကြရတယ်“ဟု ၎င်းကပြောသည်။
ယခုလက်ရှိအချိန်ထိ စစ်ကောင်စီတပ်ဖွဲ့ဝင်များက M7စခန်းတွင် တပ်ဆွဲထားပြီး ယနေ့ မနက်အစောပိုင်းတွင်လည်း စခန်း၌တပ်ဆွဲထားသောစစ်ကောင်စီတပ်ဖွဲ့ဝင်များအား ဒရုန်းဖြင့် တိုက်ခဲ့သည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်များကပြောသည်။
M7စခန်းသည် မကွေးတိုင်းနှင့် စစ်ကိုင်းတိုင်း နယ်စပ်ကြားတွင်တည်ရှိပြီး လတ်တလော တိုက်ပွဲများကြောင့်မကွေးတိုင်း၊မြိုင်နယ်ရှိ ရှောက်ပင်ချောင်၊မုံညှင်း၊ကျောက်တောင်၊မြို့ခင်းသားကျေးရွာအပါအဝင် စစ်ကိုင်းတိုင်း၊ပုလဲနယ်ရှိ ပန်းရွာ၊တနယ်၊နွာဘူရှိကျေးရွာများမှ ဒေသခံများ စစ်ဘေးရှောင်နေရသည်။
ပြီးခဲ့သည့်နှစ် အောက်တိုဘာလ ၂၁ ရက်နေ့မှ ၂၇ ရက်နေ့အတွင်းတွင် စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်နှင့် ယင်းမာပင်မြို့နယ်တွင် စစ်ကောင်စီတပ်က လေကြောင်းရော၊ မြေပြင်ကပါ ဝင်ရောက်စီးနင်းမှုကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် (PDF) နှင့် ဒေသခံ စုစုပေါင်း ၂၇ ဦး သေဆုံးခဲ့ဖူးသည်။
*********************************
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk
YouTube -> https://youtu.be/kazoupBwT0Y
Website -> https://thanlwinkhet.net/?p=3395
Website ->https://eng.thanlwinkhet.net