ကောင်းချစ်အောင်
ဧပြီ ၆ ၊ ၂၀၂၃။
စစ်ကိုင်းနှင့် မကွေးတိုင်းရှိ ခရိုင်ငါးခုအတွင်း၌ စစ်ရာဇဝတ်မှု၊ လူ့အခွင့်အရေးချိုးဖောက်မှုနှင့် ရာဇဝတ်မှုများနှင့်ပတ်သက်သည့် စစ်တမ်းတစ်ခုကို ပဉ္စမ မဏ္ဍိုင် ပြည်သူအကူအညီပေးရေးအဖွဲ့(PMCSG) ကထုတ်ပြန်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်များသာမက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များပါ ကျူးလွန်မှုများရှိနေသည်ဟု ပါရှိသည်။
အဆိုပါစစ်တမ်းကို ၂၀၂၂ခုနှစ် ဩဂုတ် ၁ရက်မှ ၂၀၂၃ခုနှစ် ဇန်နဝါရီ ၃၀ ရက်အထိ ခြောက်လတာကာလအတွင်းစစ်ကောင်စီတပ်နှင့် ကာကွယ်ရေးတပ်ဖွဲ့များ ကျူးလွန်ထားသည့်အမှုများကို ကောက်ယူထားခြင်းဖြစ်ပြီးလက်နက်ကိုင်ပဋိပက္ခများကြောင့် ပြည်သူများ နေ့စဉ်ကြုံတွေ့ခံစားနေရသည့် မတရားခံရမှုများကို မှတ်တမ်းတင်ရန် ရည်ရွယ်သည်ဟုဆိုသည်။
“နောင်တစ်ချိန် တရားမျှတမှု ပြန်လည်ဖော် ဆောင်သည့်အခါ အပြစ်ပေးအရေးယူတဲ့နေရာမှာ မှတ်တမ်းသက်သေတစ်ခုအနေနဲ့ ကျန်ရှိဖို့ရယ် လက်နက်ကိုင်ပြီး ထင်ရာစိုင်းနေတဲ့ အဖွဲ့အစည်းတွေကို ထိန်းကြောင်းကြပ်မတ်နိုင်စေဖို့ရည်ရွယ်တယ်“ဟု PMCSG အဖွဲ့ တာဝန်ရှိသူကပြောသည်။
စစ်တမ်းကောက်ယူရာတွင် မြေပြင် ကွင်းဆင်းကောက်ယူခြင်းရှိသကဲ့သို့ ကျူးလွန်ခံရသည့်သူများနှင့် တိုက်ရိုက်ဖုန်းဆက်သွယ်မေးမြန်းခဲ့သည်ဟု စစ်တမ်းပြုစုသည့်အဖွဲ့တွင် ပါဝင်ခဲ့သည့် ကိုCasper ကဆိုသည်။
“ကျွန်တော်တို့အနေနဲ့ ကျူးလွန်ခဲ့တဲ့အဖွဲ့တွေကို တိုက်ရိုက် မဟုတ်ပေမဲ့ သွယ်ဝိုက်တဲ့ နည်းလမ်းတွေနဲ့ အတည်ပြုချက်ရယူ စစ်တမ်း ကောက် ယူခဲ့တယ်“ဟု ၎င်းကပြောသည်။
စစ်ကောင်စီတပ်နှင့် လက်အောက်ခံအဖွဲ့အစည်းများဖြစ်သည့် ရဲတပ်ဖွဲ့များ၊ ပျူစောထီးများ၊ ပြည်သူ့စစ်များကျူးလွန်သည့်အမှု ၄၂၀ ရှိပြီး ဒေသခံကာကွယ်ရေးတပ်ဖွဲ့များ ကျူးလွန်သည့်အမှုပေါင်း ၁၃၈ခုရှိသည့်အပြင်အခြားအမည်မသိ အဖွဲ့အစည်းများ၏ ကျူးလွန်မှုများလည်းရှိသေးသည်ဟု အဆိုပါစစ်တမ်းတွင် ရေးသားထားသည်။
ဒေသတွင်းအဖွဲ့အစည်းအချင်းချင်းကြား ဖြစ်ပေါ်လာသည့် ပြဿနာများနှင့် ပတ်သက်ပြီး NUG တရားရေးဝန်ကြီးဌာန MOG လက်အောက်က တရားရေးဌာနသို့ တိုင်ကြားနိုင်မည်ဖြစ်ပြီး တိုင်ကြားရေးယန္တရားတစ်ခုကိုဖော်ဆောင်ထားပြီဖြစ်သည်ဟု NUG လူ့အခွင့်အရေးဝန်ကြီးဦးအောင်မျိုးမင်းကပြောသည်။
ယမန်နေ့ဧပြီ၅ရက်တွင်ပြုလုပ်ခဲ့သည့် စစ်တမ်းထုတ်ပြန်ပွဲသို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းတက်ရောက်ခဲ့သည်။
“ကျွန်တော်တို့ရဲ့ ရပ်တည်ချက်က ရှင်းပါတယ်။ဘယ်သူပဲကျူးလွန်ကျူးလွန် ဘယ်သူ့ကိုပဲ ကျူးလွန်ကျူးလွန် လူ့အခွင့်အရေး ချိုးဖောက်မှုက လူ့အခွင့်အရေး ချိုးဖောက်မှုပဲ ဖြစ်ပါတယ်“ဟု ဝန်ကြီးကပြောသည်။
စစ်ကိုင်းတိုင်းအတွင်း စစ်ရာဇဝတ်မှု ၃၀၀ ကျော်၊ လူ့အခွင့်အရေး ချိုးဖောက်မှု ၃၈ မှု၊ ရာဇဝတ်မှု ၁၉၉ မှုနှင့်အများဆုံးဖြစ်ပြီး မကွေးတိုင်း၌ စစ်ရာဇဝတ်မှု ၇၀ ကျော်၊ လူ့အခွင့်အရေး ချိုးဖောက်မှု ၂ မှုနှင့် ရာဇဝတ်မှု ၂၀ မှုအထိ ရှိနေသည်ဟု သိရသည်။
စစ်တမ်းကောက်ယူထားသည့် ခရိုင်ငါးခုအတွင်းရှိ မြို့နယ် ၁၇ခုတွင် အမှုပေါင်း ၁၉၀ ကျော် ဖြင့် အများဆုံးဖြစ်နေပြီး လမ်းဘေးကွမ်းယာဆိုင်ကို ဓားပြ တိုက်မှုမှအစ ရွှေဆိုင်ဓားပြတိုက်မှုများအထိ ဖြစ်ပွားလျက်ရှိသည်ဟုကိုCasperကဆိုသည်။
ထို့ပြင် အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာကျူးလွန်မှုဖြစ်စဥ် ၉၉ မှုရှိပြီး ကာကွယ်ရေးတပ်ဖွဲ့များမှ ကျူးလွန်သည့် လိင်ပိုင်းဆိုင်ရာအမှု ၁၀ မှုခန့်ကို ဝန်ကြီးဌာနထံ တိုင်ကြားထားသည်ဟု NUG အမျိုးသမီးလူငယ်နှင့်ကလေးသူငယ်ဆိုင်ရာဝန်ကြီး နော်ဆူဇန်နာလှလှစိုးကပြောသည်။
“နိုင်ငံတကာ တရားစီရင်မှုကို ရောက်အောင်အတွက် ကျွန်မတို့ IIMM ကနေတစ်ဆင့် ဆက်သွယ်ပြီးတော့ ကျွန်မတို့ပို့ပါတယ်။ တော်လှန်ရေးဘက်က ကျူးလွန်တဲ့ ဖြစ်စဉ်အဲဒါလည်း မှန်ပါတယ်။ သိပ်တော့ မများပေမယ့် ရှိတယ်“ဟု၎င်းက ဆိုသည်။
စစ်ကိုင်းတိုင်းအတွင်းရှိ စစ်ကိုင်း၊မုံရွာ၊ယင်းမာပင်၊ကလေးစသည့် ခရိုင်လေးခုနှင့် မကွေးတိုင်းအတွင်းရှိ ဂန့်ဂေါခရိုင် စုစုပေါင်းခရိုင်ငါးခုကို PMCSGအဖွဲ့က စစ်တမ်းကောက်ယူခဲ့ခြင်းဖြစ်ပြီး ထိုအထဲတွင် စစ်ကောင်စီမှ စစ်အုပ်ချုပ်ရေး(မာရှယ်လော) ကြေညာထားသည့် မြို့နယ်ရှစ်ခု ပါဝင်နေသည်။
*********************************
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk
YouTube -> https://youtu.be/kazoupBwT0Y
Website -> https://thanlwinkhet.net/?p=3399
Website ->https://eng.thanlwinkhet.net