မေသံလွင်
မတ် ၁၅၊ ၂၀၂၃။
အသက် ၂၄ နှစ်အရွယ် မနှင်းနှင်းလှိုင်သည် စစ်တပ် အာဏာမသိမ်းခင်က တိုင်းပြည်ကာကွယ်ရန် ဖွဲ့စည်းထားသော တပ်မတော်တွင် စစ်မေတစ်ဦးဖြစ်ရန် ဆန္ဒရှိခဲ့ဖူးသူ ဖြစ်သည်။
“စစ်သားတွေ တောတွေ၊ တောင်တွေ သွားရတာကို သနားလည်း သနားတယ်။ ဂုဏ်ယူတယ်။ ကိုယ်လည်း အဲဒီလိုမျိုး စစ်မေတစ်ယောက် ဖြစ်ချင်ခဲ့တယ်” ဟု သူ့ရည်မှန်းချက်ကို ဆိုသည်။
သို့သော်လည်း စစ်ဗိုလ်ချုပ်များ တကျော့ပြန် အာဏာသိမ်းပြီးနောက် လက်ရှိတွင်တော့ သူအားကျခဲ့ရသည့် စစ်သားများကို ကိုယ်တိုင် တိုက်ခိုက်ရန် တိုက်ပွဲဝင်သူ တစ်ဦးဖြစ်လာသည်။
“သူတို့ (စစ်ကောင်စီတပ်ဖွဲ့ဝင်များ )ကို တိုက်ပွဲဝင်ဖို့ သူတို့ကိုယ်တိုင် ပြန်သင်ပေးလိုက်တာ။ အပြစ်မဲ့ပြည်သူတွေ၊ ကလေးတွေကို သူတို့ စာနာစိတ်မရှိ လုပ်ချင်သလို လုပ်နေတာကြောင့် လက်နက်ကိုင်ခဲ့ရတာ” ဟုပြည့်သူကာကွယ်ရေးတပ်ဖွဲ့ဝင် မနှင်းနှင်းလှိုင်က ပြောသည်။
မနှင်းနှင်းလှိုင်ကဲ့သို့ပင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်နေသည့် လူငယ် တစ်သိန်းခန့်ရှိနေသည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
အာဏာရှင်စနစ်ကို တော်လှန်ရင်း အသက်ပေးခဲ့ရသည့် လူငယ်များလည်း ရှိသလို မိသားစုဝင်များကို ချန်ရစ်ကာ တောတောင် အထပ်ထပ်တွင် ပင်ပန်းစွာ ဖြတ်သန်းနေကြရသည့် လူငယ်များ၏ စိတ်တွင်ယနေ့အချိန်အထိ ဖက်ဒရယ် ဒီမိုကရေစီ အိပ်မက်သည် ခိုင်မာနေဆဲဖြစ်သည်။
မနှင်းနှင်းလှိုင်သည် စစ်မြေပြင် ရှေ့တန်းတွင် ပါဝင်သူဖြစ်ပြီး လက်နက်ထုတ်လုပ်ရေးတွင်လည်း သူ့ခြေ သူ့လက်ဖြင့် ပါဝင်ပြုလုပ်လေ့ရှိသည်။
အကြောင်းမလှစွာ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလဆန်းပိုင်းက မိုင်းထုတ်လုပ်စဉ် မျက်နှာနှင့် လက်တစ်ဖက် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ထိုကြောင့်ပင် တစ်လခွဲလောက် အနားယူခဲ့ရသည်။
ဒဏ်ရာများရရှိခဲ့သော်လည်း ယခု နားရက်ပြည့်ပြီးချိန်တွင်တော့ ကျရာကဏ္ဍမှ ဆက်လက်ပါဝင် တော်လှန်လျက်ရှိသည်။
“အသက် မသေမချင်းကတော့ ဘယ်လိုပဲ ဖြစ်နေဖြစ်နေ လဲကျသွားရင် ပြန်ထပြီး ပြန်လုပ်မှာ။ စ ဝင်တုန်းကလိုပါပဲ။ လွတ်လပ်မှု မရမချင်း လုပ်မယ် ဆိုတဲ့ စိတ်ပါပဲ။ အဲဒီစိတ်တွေနဲ့ နာကြည်းချက်တွေ၊ မိသားစုတွေ ဆွေမျိုးတွေ အကုန်လုံး စွန့်လွှတ်ခဲ့ရမှတော့ ဒါကြီး မပြီးမချင်း နားလို့မှ မရတော့တာ” ဟုပြောသည်။
မြန်မာနိုင်ငံ၏ စစ်အာဏာရှင် တော်လှန်ရေးသည် နှစ်နှစ်ကျော်ကာလသို့ ရောက်ရှိခဲ့ပြီ။ တော်လှန်ရေးကာလအတွင်း အာဏာရှင်လက်အောက်တွင် နေသားကျသွားသည့်သူများ ရှိသကဲ့သို့ အခက်အခဲများကြားထဲ တော်လှန်ရေးကို မနှင်းနှင်းလှိုင်တို့လိုယခုကဲ့သို့ အားမလျော့ အရှုံးမပေးသည့် တော်လှန်ရေးရဲဘော်များလည်း အများအပြားရှိနေသည်။
အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန Ministry Of Defence (MOD) ကို စစ်တပ်အာဏာသိမ်းပြီးနောက် ဖွဲ့စည်းခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ကို ၂၀၂၁ ခုနှစ် မေလ ၅ ရက်တွင် စတင်ဖွဲ့စည်းခဲ့သည်။ ၂၀၂၂ ခုနှစ် အောက်တိုဘာလ၏ ထုတ်ပြန်ချက်အရ NUG – MOD လက်အောက်တွင် PDF တပ်ရင်းပေါင်း ၃၀၀ ကျော်ရှိပြီး တပ်ရင်းတစ်ခုလျှင် အင်အား ၂၀၀ ခန့်မှ ၅၀၀ အထိရှိကာ PDF အင်အား စုစုပေါင်း ခန့်မှန်းခြေ ၆၅၀၀၀ ခန့်ရှိနေပြီ ဖြစ်သည်။
မနှင်းနှင်းလှိုင်တို့ကဲ့သို့ မြန်မာနိုင်ငံ၏ ၂၁ ရာစု လူငယ်များသည် မည်သူမျှ တာဝန်အပ်နှင်းထားခြင်း မရှိသည့် သမိုင်းပေးတာဝန်ကို ကျရာ ကဏ္ဍမှ ထမ်းဆောင်နေကြသည်။
ထိုသို့ ထမ်းဆောင်စဉ် နှောင်ကြိုးများ ဆုံးရှုံးရသကဲ့သို့ ဘဝတူလူငယ်များ၏ ပေးဆပ်အနစ်နာခံ မှုများသည် ၎င်းတို့အတွက် အားအင်တစ်ခုဖြစ်ခဲ့သည်။
ကဗျာဆရာတစ်ဦးဖြစ်သည့် အသက် ၃၀ အရွယ် မောင်ပြည့်စုံအောင် (ခ) မောင်သုံညသည် စစ်တပ်က အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၄ ရက်တွင် ဒေါက်တာတေဇာဆန်းနှင့်အတူ မန္တလေးဆေးတက္ကသိုလ်ရှေ့တွင် ဆန္ဒပြခဲ့သည့် ထိုရက်မှာပင် ဖမ်းဆီးခံခဲ့ရသည်။
၂ နှစ်ခန့် ဖမ်းဆီးခံရပြီးနောက် သူ ပြန်လွတ်မြောက်လာပြီး စစ်ကောင်စီတပ်ကို ဆက်လက်တော်လှန်ရန် ကရင်ပြည်နယ်ရှိ တပ်ရင်းတစ်ခုသို့ ဝင်ကာ လက်နက်ကိုင်ခဲ့သည်။
“ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒထုတ်ဖော်ခဲ့တယ်။ အဖမ်းခံရတယ်။ ထောင်ထဲရောက်တော့ အပြင်က အခြေအနေဆိုးတွေကြားရတယ်။ ခြေပြတ် လက်ပြတ်နဲ့ ရောက်ရောက်လာတဲ့ ရဲဘော်ရဲဘက်တွေ၊ ထောင်တွင်း မတရားမှုတွေ ဒါတွေဟာ ကျွန်တော့်ကို ဒုတိယရည်ရွယ်ချက်ဖြစ်တဲ့ တော်လှန်ရေးလမ်းစဉ်ကို ရွေးဖို့ တိကျသေချာတဲ့ တွန်းအားဖြစ်စေခဲ့တယ်” ဟု သူက ပြောသည်။
မနှင်းနှင်းလှိုင် ဆိုလျှင်လည်း စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ် ဆိပ်ခွန်ကျေးရွာ ဒေသခံဖြစ်ပြီး အသက် ၆၀ အရွယ် မိခင်ကို နေအိမ်တွင် တစ်ဦးတည်း ချန်ခဲ့ကာ လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ခဲ့သူဖြစ်သည်။
မိခင်မှာ သူ့ကို အိမ်သို့ ပြန်လာရန် ငို၍ တစ်မျိုး ချော့၍ တစ်ဖုံ ခေါ်သော်လည်း ပြန်မလာသည့်အတွက် နောက်ပိုင်းတွင် သူ့ဆန္ဒကို ခွင့်ပြု အားပေးခဲ့သည်။
“အမေက ပြောလိုက်တာ တစ်ခွန်းတည်းပါ။ ရိုးရိုးရှင်းရှင်းလေး။ ဒီလုပ်ငန်း လုပ်နေမှတော့ ရွာမှာနေလည်း လုံခြုံတာမှ မဟုတ်တာ ဆက်လုပ် ငါ့ကို မငဲ့နဲ့တော့။ ရှေ့ပဲ ဆက်သွား။ နောက်ဆုံး ကုန်ကုန် ငါသေပြီ ဆိုတဲ့ သတင်း ကြားရင်တောင်မှ ပြန်မလာနဲ့။ ဒါကြီး မအောင်မချင်း လွတ်လပ်ရေး မရမချင်း ငါသေပြီဆိုရင်တောင်မှ နင်ပြန်မလာနဲ့။ စိတ်နာလို့ ငါနင့်ကို ပြောတာ မဟုတ်ဘူးတဲ့။ နင်ပြန်လာတဲ့ အချိန် ငါ့အုတ်ဂူဘေးမှာ လွတ်လပ်မှုတွေ၊ ပျော်ရွှင်ခြင်းတွေ ပါခဲ့ရင် ငါကျေနပ်ပြီတဲ့” ဟု မိခင်ဖြစ်သူ၏ ခွန်အားပေးခဲ့ပုံကို ပြန်ပြောင်းပြောသည်။
နွေဦးတော်လှန်ရေးသည် လူငယ်များ၏ ဇွဲ၊ သတ္တိနှင့် ပြည်သူအချို့၏ ထောက်ခံအားပေး ပံ့ပိုးမှုများကြောင့် ယနေ့အချိန်အထိ ဆက်လက်ရပ်တည် တိုက်ပွဲဝင်နိုင်ခြင်းဖြစ်သည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူများက ပြောသည်။
PDF ရဲဘော်များ၏ စိတ်ဓာတ်ကြံ့ခိုင်မှုနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ အတွေ့အကြုံ၊ ခံနိုင်ရည်များ ပေါင်းစပ်လျှင် ယခုနွေဦးတော်လှန်ရေးမှာ အောင်မြင်ရန် လှမ်းတစ်ကမ်းတွင်ရှိနေပြီဟု ကရင့်အမျိုးသား အစည်းအရုံး တပ်မဟာ (၅) ၏ ပြောရေးဆိုခွင့်ရှိသူ ပဒိုမန်းမန်းက ဆိုသည်။
“PDF တွေရဲ့ စိတ်ဓာတ်ရယ်၊ တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ အတွေ့အကြုံနဲ့ ခံနိုင်ရည်ရယ် ပေါင်းစပ်လိုက်မယ်ဆိုရင် လက်နက်ကိုင်တိုက်ပွဲကတော့ မကြာပါဘူး။အောင်မြင်မှာ ဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။
ထို့ပြင် လက်ရှိတိုက်ပွဲဝင်နေသည့် တော်လှန်ရေး ရဲဘော်များအနေဖြင့် စစ်အာဏာရှင်ပြုတ်ကျရေးအပြင် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းနိုင်ရန်လည်း ထည့်သွင်းစဉ်းစားရန် လိုအပ်သည်ဟု ၎င်းက တိုက်တွန်းပြောဆိုသည်။
ခေတ်တိုင်းတွင် လူငယ်များသည် ပိုရဲရင့်ကြပြီး အနစ်နာခံကာ အသက်ကိုပင် စတေး ကြိုးပမ်းခဲ့ကြသည်။ ၎င်းတို့၏ ရှေ့က လူကြီးများ ပြုလုပ်ခဲ့သည့်အရာ၊ မပြုလုပ်ခဲ့သည့်အရာများကြောင့် ကြုံလာရသည့် ခေတ်ဆိုး စနစ်ဆိုး၏ ဒဏ်ကို ခံကြရသည်မှာလည်း လူငယ်များသာ ဖြစ်သည်။
စနစ်ဆိုးဒဏ်ကို မခံနိုင်၍ တော်လှန်လျှင်လည်း ထိုလူငယ်တို့အတွက် အရင်းအနှီးသည် ကြီးမားလှသည်။ သို့သော် ထိုမှရရှိသည့် အကျိုးဆက်များမှာ လူငယ်များအတွက်သာမက ခေတ်တစ်ခုလုံး၏ လူကြီး၊ လူလတ်နှင့် ကလေးများပါမကျန် စံစားကြရမည်မှာ မလွဲဧကန်ပင် ဖြစ်တော့သည်။