ကောင်းချစ်အောင်
ဧပြီ ၁၊ ၂၀၂၃။
ဒလန်သတင်းပေးကြောင့် မကွေးတိုင်း၊ ရေစကြိုမြို့နယ်ရှိ ပြည်သူ့ကာကွယ်ရေးစခန်းတစ်ခုအသိမ်းခံရပြီးပေါက်ပြားဖြင့်ခုတ်သတ်ခံရသည့်နှစ်ဦးအပါအဝင် ရဲဘော်ငါးဦးကျဆုံးခဲ့ရသည်ဟု သိရသည်။
မတ်လ၃၀ရက်က ရေစကြိုမြို့ပေါ်မှ အင်အား ၄၀ ခန့်ဖြင့် ထွက်လာသည့် ခမရ ၂၅၆ စစ်ကြောင်းကို ညောင်စောင်းနှင့် သမန္တပို့ရွာကြားအရောက်တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့မှုကြောင့် အထိအခိုက်အများအပြားဖြင့် ဆုတ်ခွာခဲ့ရသည်ဟုဒေသခံကာကွယ်ရေးတပ်ဖွဲ့များထံမှ သိရသည်။
နောက်နေ့ မတ်လ၃၁ရက်တွင် အဆိုပါစစ်ကြောင်းသည် အင်အားဖြည့်တင်းလာကာ ၇၀ခန့်ဖြင့် ထပ်မံစစ်ကြောင်းထိုးလာခဲ့ရာ နံနက်၄နာရီခွဲခန့်တွင် ရေစကြို(ပကဖ)စခန်းကို ဝင်ရောက်စီးနင်းခဲ့ပြီး နှစ်ဘက်တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ရေစကြို(ပကဖ)တာဝန်ခံ ရဲဘော်ထန်ပြောင်က သံလွင်ခက်ကိုပြောသည်။
“ဒလန်ပါတယ်ဗျ။ အတိကျကိုလိုက်ပြတာဗျ။ အနီးကပ်ကို မြင်တွေ့ပစ်ခတ်ကြတာဗျ။ ၁၀ပေကွာလောက်ပဲ“ဟု၎င်းကဆိုသည်။
ကင်းသမားများချထားသော်လည်း CPပြောင်းခင်းများကြောင့် စစ်ကောင်စီတပ်များ အနီးကပ်ရောက်မှ တွေ့မြင်ကာ ခုခံပစ်ခတ်ခဲ့ကြရသည်ဟု သိရသည်။
ခုခံပစ်ခတ်ပေးနေသည့် ရေစကြို(ပကဖ) ရဲဘော်နှစ်ယောက်နှင့် YLK ပြောက်ကျားတပ်ဖွဲ့ရဲဘော်တစ်ယောက် ကျဆုံးခဲ့ကာ ရဲဘော်နှစ်ယောက်အရှင်ဖမ်းဆီးခံခဲ့ရပြီး ကျန်ရဲဘော်များမှာ ဒဏ်ရာများဖြင့် ဆုတ်ခွာထွက်ပြေးခဲ့ရသည်ဟု ရဲဘော်ထန်ပြောင်ကပြောသည်။
“၃ယောက်ကတော့ကျည်ထိမှန်တယ်ဗျ။ နှစ်ယောက်ကအရှင်မိသွားတာဗျ။ မိတဲ့ရဲဘော်နှစ်ယောက်လည်းပေါက်ပြားနဲ့ခုတ်သတ်သွားတာဗျ“ဟု ဆိုသည်။
ထို့အပြင် Shwe Lal Kyun LPDF အဖွဲ့မှ AK တစ်လက်၊ YLK ပျောက်ကြားတပ်ဖွဲ့မှ M4 တစ်လက်၊ အညာသားပျောက်ကြားတပ်ဖွဲ့မှ AKတစ်လက် ဆုံးရှုံးခဲ့သည်ဟု သိရသည်။
ပြီးခဲ့သည့် မတ်လ၁၉ရက်တွင်လည်း Shwe Lal Kyun LPDF စခန်းတစ်ခု မီးရှို့ဖျက်ဆီးခံရပြီး လက်နက်ခဲယမ်းများ၊ ယူနီဖောင်းများအပါအဝင် ကျပ်သိန်း ၃၅၀ခန့်ဆုံးရှုံးခဲ့ရသည်။