Saw Smith
မတ် ၃၁ ၊ ၂၀၂၃ ။
ရှမ်း–ကယားနယ်စပ်မြို့နယ်များတွင်ဖြစ်ပွားနေသည့်တိုက်ပွဲများအတွင်း၌ စစ်ကောင်စီတပ်စစ်ကြောင်းများမှထိခိုက်သေဆုံးမှုများနေပြီး ၂၀၀ ကျော်အထိသေဆုံးထားသည်ဟု ကာကွယ်ရေးပူးပေါင်းတပ်များထံမှ သိရသည်။
ပင်လောင်းမြို့နယ်နှင့်ဖယ်ခုံမြို့နယ်တို့တွင် ပြီးခဲ့သောဖေဖော်ဝါရီလ ၂၄ရက်မှစ၍တိုက်ပွဲဆက်တိုက်ဖြစ်ပွားနေခဲ့ရာ တိုက်ပွဲတစ်လကျော်ကာလအတွင်း၌ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀၀ ဦးကျော်သေဆုံး၍ ၁၀၀ ဦးထက်မနည်းဒဏ်ရာရရှိထားသည်ဟု မိုးဗြဲ PDF တပ်ရင်း(၂) က ယမန်နေ့တွင်ထုတ်ပြန်ထားသည်။
ထို့ပြင် ကာကွယ်ရေးပူးပေါင်းတပ်များက စစ်ကောင်စီတပ်ဖွဲ့ဝင်များထံမှ လက်နက်၊ ခဲယမ်းများကိုလည်းသိမ်းဆည်းရမိထားသည်ဟု ကာကွယ်ရေးတပ်များက ပုံများနှင့်တကွဖော်ပြထားသည်။
အထိနာနေသောစစ်ကောင်စီတပ်သည် အင်အားများဆက်တိုက်ဖြည့်တင်းလာသည့်အပြီး လေကြောင်းတိုက်ခိုက်မှုများလည်း အဆက်မပြတ်လုပ်လာသည်ဟု PNDF-KK ပြန်ကြားရေးတာဝန်ခံက သံလွင်ခက်ကိုပြောသည်။
” မြေပြင်စစ်ကြောင်း ၅၁၈ကစစ်ကြောင်းထိုးလာတုန်းက ကျွန်တော်တို့တိုက်က တော်တော် များများကျတယ်။နောက်ပိုင်းအင်အားတွေ ထပ်တိုးတိုးလာတယ်။ ခန့်မှန်း ၅၀၀ လောက်ရှိတယ်။နောက်ပြီး သူတို့ လေကြောင်းကဆက်တိုက်ဆိုသလိုပဲအရင်ထက်ပိုသုံးလာတယ် “ဟု၎င်းကပြောသည်။
လက်ရှိရှမ်း–ကယားနယ်စပ်တိုက်ပွဲများတွင် စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုများကို ၂၆ ကြိမ်ပြုလုပ်ထားသည်ဟု မိုးဗြဲPDF တပ်ရင်း၂က ဖော်ပြထားပြီး ပေါင် ၅၀၀ ရှိသည့်ဗုံးသီးများအထိ အသုံးပြုတိုက်ခိုက်လာသည်ဟု ကာကွယ်ရေးတပ်ဖွဲ့များထံမှသိရသည်။
ရှမ်း–ကယားနယ်စပ်တစ်လျောက်စစ်ကြောင်းထိုးလာသောစစ်ကောင်စီတပ်စစ်ကြောင်းများကို 1007 Mobye PDF၊Phekhon Zone(KNDF)၊ 1001 Mobye PDF၊ 1002 PK PDF ၊ PNDF(KK)၊ DMO PDF ၊ DMO Local PDF ၊ 1009 IPDF ၊ 1008 SSRY ၊ KRU စသည့်မဟာမိတ်တပ်များပူးပေါင်းတိုက်ခိုက်နေသည်။
စစ်ကောင်စီတပ်၏ မြေပြင်ဝေဟင်တို့မှ ထိုးစစ်ဆင်မှုများကိုခုခံတိုက်ခိုက်နေသည့် တစ်လကျော်အကြာ ရှမ်း–ကယားနယ်စပ်တိုက်ပွဲများ၌ ကာကွယ်ရေးမဟာမိတ်ပူးပေါင်းတပ်များမှ ၁၂ ဦးကျဆုံး၍ ၁၅ ဦးထိခိုက်ဒဏ်ရာရရှိထားသည်ဟုသိရသည်။
ပုံစာ–ရှမ်း၊ကယားနယ်စပ်တိုက်ပွဲများအတွင်း၌ စစ်ကောင်စီတပ်များထံမှ သိမ်းဆည်းရရှိသည့် လက်နက်၊ခဲယမ်းပစ္စည်းများ