Saw Smith
မတ် ၃၀ ၊ ၂၀၂၃ ။
မွန်ပြည်နယ်၊သထုံခရိုင်အတွင်း၌ စစ်ကောင်စီဂိတ်စခန်းများကိုတိုက်ခိုက်မှုအပါအဝင် ယခုမတ်လတွင် စစ်ရေးမစ်ရှင်ရှစ်ခုခန့်ကို ဆောင်ရွက်ခဲ့သည်ဟု ပအိုဝ်းပြည်သူ့ကာကွယ်ရေးတပ်(ခမ်းဒေါမ်)ပြန်ကြားရေးတာဝန်ခံက သံလွင်ခက်ကိုပြောသည်။
သထုံခရိုင်အတွင်းရှိ စစ်ကောင်စီတပ်နှင့် စစ်ကောင်စီလက်အောက်ခံ BGF တို့၏စစ်ရေးပစ်မှတ်များကို KNLA အမှတ်၁ တပ်မဟာတပ်ဖွဲ့ဝင်များ၊ PDF၊ KRF နှင့် PPDF-KD တို့ပူးပေါင်း၍ တိုက်ခိုက်နေသည်။
” မတ်လအတွင်းမှာ မစ်ရှင် ၈ ခု ခန့် ဖော်ဆောင်ခဲ့ပြီး စကစ ခန့်မှန်း ၁၀ ဦး သေဆုံးကာ ဒဏ်ရာရသူများလည်း ရှိပါတယ် “ဟု PPDF-KD ပြန်ကြားရေးတာဝန်ခံက ပြောသည်။
PPDF-KD အပါအဝင်KNLAနှင့်ပူးပေါင်းတပ်များသည် ယမန်နေ့ မတ်လ၂၉ရက်တွင် မွန်ပြည်နယ်၊ကျိုက်ထိုမြို့နယ် မုပ္ပလင်လမ်းဆုံရှိ စစ်ကောင်စီတပ်၏ စစ်ဆေးရေးဂိတ်စခန်းနှင့် အင်္ဂဘိုကျေးရွာ၊ လက်ပံပင်သင်္ချိုင်းအနီးရှိစစ်ကောင်စီတပ်ဂိတ်စခန်းတို့ကို သွားရောက်တိုက်ခိုက်ခဲ့သည်။
မုပ္ပလင်လမ်းဆုံရှိ မုပ္ပလင်စစ်ကောင်စီတပ်ဂိတ်စခန်းအား တိုက်ခိုက်ရာတွင် ဗုံးသီးများသည် ဘန်ကာပေါ်သို့ ကျရောက်ခဲ့ပြီး စစ်သားခြောက်ဦးသေဆုံး၍ နှစ်ဦးဒဏ်ရာရခဲ့သည်။ လက်ပံပင်လမ်းဆုံဂိတ်ကို တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်မှုကို စုံစမ်းဆဲဖြစ်သည်ဟု ၎င်းကပြောသည်။
KNLAနှင့်ပူးပေါင်းတပ်များသည် မွန်ပြည်နယ်နှင့်ဘီးလင်းမြို့နယ်တို့ရှိ ဝင်းကလောစစ်ဆေးရေးဂိတ်၊ မရမ်းချောင်းစစ်ဆေးရေးဂိတ်နှင့်လယ်ဆော့လော့ BGFစခန်းကို ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း၌ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီနှင့်BGFတပ်ဖွဲ့ဝင် ၉ဦးသေဆုံး၍ လက်နက်၊ခဲယမ်းများသိမ်းရမိခဲ့သည်။
” ကျနော်တို့အဖွဲ့ရဲ့ ဒရုန်းတစ်စီး နဲ့ မိတ်ဖက်အဖွဲ့က ဒရုန်းတစ်စီး စုစုပေါင်း ၂ စီး ပျက်စီးဆုံးရှုံးခဲ့ပါတယ် “ဟုမတ်လအတွင်းစစ်ရေးမစ်ရှင်များ၌ ပျက်စီးဆုံးခဲ့ရသည်ကို PPDF-KD ပြန်ကြားရေးတာဝန်ခံကပြောသည်။
KNLA နှင့်PDFများပူးပေါင်း၍တိုက်ခိုက်နေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မွန်ပြည်နယ်အတွင်း၌ ပြည်သူများကိုအကြောင်းမဲ့ သတ်ဖြတ်ခြင်းနှင့်ပစ္စည်းများလုယူခြင်းများကို မကြာခဏလုပ်ဆောင်နေသည်ဟု ဒေသခံများထံမှသိရသည်။
ယခုလ နောက်ဆုံးအပတ်တွင်း၌ စစ်ကောင်စီတပ် ထိန်းချုပ်ထားသည့် သထုံ–ဘီးလင်း အမြန်ကားလမ်းမကြီးဘေး ဒေါက်ရပ်ကျေးရွာအနီးတွင် ကင်းပုန်းဝတ်နေသည့် အမှတ် (၈) ခြေလျင်တပ်ရင်း အဖွဲ့ဝင်များက ဘီးလင်းမြို့မှ ဒေါက်ရပ်ကျေးရွာသို့ လမ်းလျောက်ပြန်လာသော ပြည်သူနှစ်ဦးပစ်ခတ်ခဲ့သည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များပစ်ခတ်မှုကြောင့် အသက်၁၈နှစ်အရွယ် စောငပြူး နှင့်စောရဲနိုင်ဝင်းတို့သေဆုံးခဲ့ပြီး ထိုနေ့တွင်ပင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ရွှေအင်းဒုံရွာနေ ဦးမြတ်သူနှင့် ဦးဘမောင်ထံမှ ပါလာသည့် ငွေသားကျပ်၅သိန်းနှင့် Wave Account ထဲ၌ကျပ် ၁၅သိန်းရှိသည့် ဖုန်း ၁လုံးတို့ကို အတင်းအဓ္ဓမခြိမ်းခြောက်လုယူခဲ့သည်ဟုကေအဲန်ယူဗဟိုက ဖော်ပြထားသည်။