Saw Smith
မတ် ၃၀ ၊ ၂၀၂၃ ။
စမ်းသပ်အောင်မြင်ထားသည့်ဒရုန်းဗုံးသီးများကို တပ်ရင်းများအတွက်အလုံအလောက်အသုံးပြုနိုင်ရန် တစ်လကိုအလုံး ၁၀၀ ထိ သက်မှတ်ချက်ထား၍ ထုတ်လုပ်နေသည်ဟု ဒီးမော့ဆို PDF၏ ဒရုန်းတပ်ဖွဲ့ဒုတပ်မှူး Amelia ကသံလွင်ခက်ကိုပြောသည်။
တပ်ရင်း ၄ခုဖြင့်ဖွဲ့စည်းထားသည့် ဒီးမော့ဆိုပြည်သူ့ကာကွယ်ရေးတပ်တွင် တပ်ရင်းအမှတ်၄တပ်ရင်းကလက်နက်ကြီးနှင့်ဒရုန်းထုတ်လုပ်မှုပိုင်းကိုအဓိကတာဝန်ယူ၍ ထုတ်လုပ်နေသည်။ အဆိုပါတပ်ရင်းမှ ၄၀ မမဒရုန်းဗုံးသီးကို အောင်မြင်စွာစမ်းသပ်ထုတ်လုပ်နိုင်ကြောင်းကို ယခုရက်ပိုင်းအတွင်း၌ ကြေညာခဲ့သည်။
” ကျွန်တော်တို့အခုမူပိုင်တင်လိုက်တဲ့ ဒီဇိုင်းကို တစ်လပိုင်းထဲက စသုံးနေတာပေါ့နော်။ ကျွန်တော်တို့ထုတ်ထားတဲ့အသီးရဲ့အောင်မြင်မှုရာခိုင်နှုန်းကို သိချင်ကို တစ်လပိုင်းထဲကစသုံးတယ်။ အသုံးပြုနေရင်းနဲ့ ဗုံးသီးရဲ့ အောင်မြင်မှုတွေရလာလို့ ချပြလိုက်တာဖြစ်ပါတယ် “ဟု Amelia ကပြောသည်။
ဒီးမော့ဆိုPDF ဒရုန်းတက်ဖွဲ့က 3 D Modelling Printing (မူပိုင်) နည်းပညာဖြင့် ထုတ်လုပ်ထားသည့် ၄၀မမ ဒရုန်းဗုံးသီး၏အလေးချိန်သည်0.65 1b ရှိပြီး ပြင်းအား (Damage)တွင် ပေ ၅ဝ ပတ်လည်အတွင်း ပေါက်ကွဲပြင်းအားထိရောက်သည်ဟုသိရသည်။
အဆိုပါ ၄၀မမ ဒရုန်းဗုံးသီးကို ကယန်းဘာသာ (Boung Khu)၊ မြန်မာဘာသာ (ငှက်ပျောဖူး) စသည်ဖြင့်အမည်ပေးထားပြီး ဗုံးသီးတစ်လုံး၏ စုစုပေါင်း ကုန်ကျစရိတ်သည် ကျပ်၅၀၀၀၀ ကုန်ကျသည်။
” အသီးထုတ်လုပ်ရေးကို လုပ်နိုင်တဲ့အတွက် ဘယ်အပိုင်းတွေကို အဓိကအားသာသွားလည်းဆိုတော့ ကျွန်တော်တို့အခုထုတ်တာက တစ်လုံးကို ၅သောင်းကျတယ်။ အပြင်မှာဝယ်သုံးတဲ့ဟာက တစ်သိန်းဝန်းကျင်လောက်ရှိတော့ငွေကြေးသက်သာမှုက ၅၀ ရာခိုင်နှုန်းသက်သာသွားပြီပေါ့။ ဒီတော့ စစ်ကြောင်းတွေအတွက် ကျည်ပိုင်းကို ပိုဖြည့်ပေးလို့ရသွားတယ် “ဟု Amelia ကပြောသည်။
လက်ရှိထုတ်လုပ်ထားသည် ဒရုန်းဗုံးသီးများဖြင့် ရှမ်း–ကယားနယ်စပ် ပင်လောင်းမြို့နယ် နမ်းနိန်းကျေးရွာတိုက်ပွဲတွင်ပါဝင်တိုက်ခိုက်ထားပြီး ယခုလအတွင်းထုတ်လုပ်ထားသည့် ဗုံးသီး ၉၀ လုံးခန့်အနက် အလုံး ၄၀ ကျော်ကို စစ်ကောင်စီစစ်ကြောင်းများကို တိုက်ခိုက်ရာ၌ အသုံးပြုထားပြီဖြစ်သည်။
ကာကွယ်ရေးတပ်ဖွဲ့များ၏စစ်ကြောင်းများတွင် ဒရုန်းတပ်ဖွဲ့များပါဝင်ခြင်းသည် ရန်သူစစ်ကောင်စီတပ်၏ မြေပြင်အခြေအနေကို ကောင်းကင်ပေါ်မှ ကြိုသိရှိရသဖြင့် တပ်ဖွဲ့ဝင်များအတွက် ပို၍လုံခြုံစိတ်ချရပြီး အထိအခိုက်သက်သာစေသည်ဟု Ameliaကပြောသည်။
ထို့ကြောင့် ဒရုန်းများကိုတပ်ရင်းများ၌တွင်တွင်ကျယ်ကျယ်အသုံးပြုနိုင်ရန် ဒရုန်းဗုံးသီးများအပြင် ဒရုန်းကိုယ်ထည်များကိုလည်း စမ်းသပ်ထုတ်လုပ်နေသည်ဟု ၎င်းကပြောသည်။
လက်ရှိတွင် ကရင်နီပြည်နယ်အတွင်း၌ သယ်ယူ၊ ဆက်သွယ်ရေးလမ်းကြောင်းအခက်အခဲများကြောင့် ဒရုန်းအားဝယ်ယူအသုံးပြုရသည်မှာ ဒရုန်းတစ်စင်းလျှင်အနည်းဆုံးကျပ်သိန်း ၅၀ အထိကုန်ကျနေသည်ဟု သိရသည်။
ပုံစာ–ဒီးမော့ဆို PDFက စမ်းသပ်ထုတ်လုပ်အောင်မြင်ထားသည့် ဒရုန်းဗုံးသီး။