Saw Smith
မတ် ၃၀၊ ၂၀၂၃ ။
ကရင်အမျိုးသားအစည်းအရုံး (KNU) မူတြော်ခရိုင်၊ တပ်မဟာ ၅ ထိန်းချုပ်နယ်မြေအတွင်းရှိ မယ်ခါးထာ့စစ်ကောင်စီစခန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည့်ဖြစ်စဥ်၌ လက်နက်မျိုးစုံ ၂၃ လက်နှင့်ကျည်မျိုးစုံ ၃၃၀၀ ကျော်သိမ်းဆည်းရရှိခဲ့သည်ဟု တပ်မဟာ၅ ပြန်ကြားရေးတာဝန်ရှိသူက ယနေ့တွင်သံလွင်ခက်ကိုပြောသည်။
စစ်ကောင်စီတပ်၏ မယ်ခါးထာ့တပ်စခန်းကို KNLAနှင့် FFDပူးပေါင်းတပ်ဖွဲ့က ယခုမတ်လ ၂၈ရက်၊ နံနက်၅နာရီဝန်းကျင်တွင်ဝင်ရောက်တိုက်ခိုက်ခဲ့သည်။
” စတင်တိုက်ခိုက်ပြီး၄၅မိနစ်အကြာတွင်စကစတပ်ဘက်မှထိခိုက်သေဆုံးမှုများပြားသည့်အပေါ်ခုခံတိုက်ခိုက်မှုမပြုတော့ဘဲသူတို့တပ်စခန်းကိုစွန့်လွှတ်ထွက်ပြေးခဲ့ရတယ်“ဟု၎င်းကပြောသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များထွက်ပြေးမှုကြောင့် KNLAနှင့်FFDပူးပေါင်းတပ်ဖွဲ့များကစခန်းကိုသိမ်းပိုက်ရရှိပြီးအားလုံးကိုမီးရှို့ဖျက်ဆီးခဲ့သည်။ စခန်းကိုသိမ်းပိုက်ရာတွင် ထိခိုက်သေဆုံးသည့်အလောင်း၁၆လောင်းကျန်ရစ်ခဲ့ပြီးကျန်အခြားတပ်ဖွဲ့ဝင်များထွက်ပြေးလွတ်မြောက်သွားခဲ့သည်။
ထိုစခန်းသိမ်းတိုက်ပွဲတွင်စစ်တပ်၏စကားပြောဆက်သွယ်ရေးစက်အကြီး၂လုံးအသေး၂လုံး၊လက်နက်မျိုးစုံ၂၃လက် နှင့် ကျည်မျိုးစုံ၃၃၄၆တောင့်တို့ကိုသိမ်းဆည်းရရှိခဲ့သည်။
အဆိုပါ စခန်းသိမ်းတိုက်ပွဲ၌ KNLAနှင့်FFDပူးပေါင်းတပမဖွဲ့ဘက်မှ ရဲဘော်၂ဦးကျဆုံးခဲ့ပြီးရဲဘော် ၇ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု တပ်မဟာ၅ ပြန်ကြားရေးတာဝန်ရှသူကပြောသည်။
အဆိုပါ မယ်ခါးထာ့စစ်ကောင်စီစခန်းသည် တပ်မဟာ၅ နယ်မြေအတွင်း၌ အချက်အချာကျသည့် စခန်းတစ်ခုဖြစ်ပြီး မကြာခဏဆိုသလို ပြည်သူများသွားလာနေသည့် စက်လှေများကို ပစ်ခတ်လေ့ရှိသည်ဟု ဒေသခံများအရေးလုပ်ဆောင်နေသူတစ်ဦးက ပြောသည်။
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်(မူတြော်ခရိုင်) အတွင်း၌ စစ်ကောင်စီက ထိန်းချုပ်ထားနိုင်သည့််နေရာ ၁၀ ရာခိုင်နှုန်းခန့်သာရှိတော့သည်ဟု ကေအဲန်ယူတပ်မဟာပြောခွင့်ရ ပဒိုမန်မန်က ယခုနှစ်စပိုင်းတွင် သံလွင်ခက်ကိုပြောဆိုထားသည်။
ပြီးခဲ့သော ၂၀၂၂ ခုနှစ်တွင် တစ်နိုင်ငံလုံးတွင်ဖြစ်ပွားခဲ့သော တိုက်ပွဲအရေအတွက်၏ တစ်ဝက်ကျော်အရေအတွက်မှာ ကေအဲန်ယူတပ်မဟာ ၅ နယ်မြေတွင်ဖြစ်ပွားခဲ့သည်။
ယခုနှစ်ဦးပိုင်း ဇန်နဝါရီနှင့်ဖေဖော်ဝါရီလအတွင်း၌ တိုက်ပွဲပေါင်း ၃၈၇ ကြိမ်ဖြစ်ပွားခဲ့သည်ဟု ကေအဲန်ယူတပ်မဟာ၅ မူတြော်သတင်းကဖော်ပြထားသည်။
၂၀၂၂ ခုနှစ် တစ်နှစ်တာလုံးတွင် ကေအဲန်ယူတပ်မဟာ ၅ နယ်မြေအတွင်း၌ တိုက်ပွဲပေါင်း ၂၇၃၇ ကြိမ်ဖြစ်ပွားခဲ့ပြီးစစ်ကောင်စီတပ်ဖွဲ့ဝင် ၁၃၀၇ ဦးသေဆုံး၍ ၉၇၂ ဦး ဒဏ်ရာရရှိခဲ့သည်။