Saw Smith
မတ် ၃၀ ၊ ၂၀၂၃ ။
ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်၌ ယနေ့မတ်လ ၃၀ရက်တွင် စစ်ကောင်စီက ဂျက်တိုက်လေယာဥ်ဖြင့်ဗုံးကြဲမှုကြောင့် ပြည်သူ၇ဦးသေဆုံးခဲ့သည်ဟု ဒေသခံများထံမှသိရသည်။
“ဂျက်ဖိုက်တာနှင့် ထန်တလန်မြို့နယ်၊ခွါဖိုကျေးရွာပေါ်သို့ ဗုံးကြဲ ချသောကြောင့် လက်ရှိပြည်သူ ၇ဦးသေဆုံး၊အများအပြားဒဏ်ရာရ အိမ်များလည်း မီးလောက်ပျက်စီးနေ “ဟု ချင်းဒေသခံများနှင့်မီဒီယာတချို့က ယနေ့ နေ့လည်၁၂ နာရီကျော်အချိန်တွင်ဖော်ပြထားကြသည်။
ယနေ့တွင်စစ်ကောင်စီက လာရောက်ဗုံးကြဲသွားသည့် ထန်တလန်မြို့နယ်တွင်တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဖလမ်းနှင့်ဟားခါးလမ်းကြောင်းတွင်သာ တိုက်ပွဲဖြစ်ပွားသည်ကို သိရှိရသည်ဟု ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကသံလွင်ခက်ကိုပြောသည်။
” တိုက်ပွဲဖြစ်တဲ့နေရာဘက်ကို လေယာဥ်တက်သွားတာက ၉နာရီကျော်ကျော်လောက်မှာပဲ။ အဲဘက်မှာကြဲချသွားတာမရှိဘဲ ထန်တလန်ဘက်မှာကြဲသွားတာ ပြည်သူတွေ ထိခိုက်သေဆုံးတာဟုတ်ပါတယ် “ဟု ၎င်းကပြောသည်။
ထန်တလန်မြို့နယ်တွင်စစ်ကောင်စီက လေယာဥ်ဖြင့်ဗုံးကြဲချသွားသည့်အချိန်နှင့်ထိခိုက်သေဆုံးမှုအခြေအနေအသေးစိတ်ကို သံလွင်ခက်ကစုံစမ်းနေဆဲဖြစ်သည်။
ထန်တလန်တွင်စစ်ကောင်စီတပ်က လေကြောင်းမှ မကြာခဏတိုက်ခိုက်နေရာ ယခုနှစ်အတွင်း၌ လေကြောင်းမှတိုက်ခိုက်မှု အကြိမ်၁၀၀ ကျော်အထိပြုလုပ်ထားသည်ဟု သိရသည်။
ပုံစာ–စစ်ကောင်စီတပ်များ၏မီးရှို့မှုကြောင့် ပျက်စီးနေသည့်ထန်တလန်မြို့။
Photo-Crd