ယမင်းဖူးပွင့်အောင်
မတ်၂၈၊ ၂၀၂၃။
မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ၃၈ လမ်းနှင့် ၇၈လမ်း ကြားတွင် ယမန်နေ့က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သည်ဟုဒေသခံများက ပြောသည်။
မန္တလေးမြို့၊ ဒေါ်အောင်ဆန်းစုကြည်လမ်း ရတနာပုံခန်းမအနီးတွင် ယမန်နေ့ မတ်လ ၂၇ ရက်နေ့ နံနက် ၇ နာရီခန့်က မြနန္ဒာစစ်ဆင်ရေး Banner(စာတမ်း) ထောင်ပြီး ဗုံးထောင်ဖောက်ခွဲခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦးသေဆုံးခဲ့သည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်များကပြောသည်။
မြနန္ဒာစစ်ဆင်ရေးအနေဖြင့် Banner ကိုချိတ်ဆွဲကာ မိုင်းသုံးလုံး ထောင်ထားခဲ့ခြင်းဖြစ်ပြီး အဆိုပါသုံးလုံးအနက်တစ်လုံးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ရှင်းလင်းရေးပြုလုပ်နေချိန် မနက် ၈ နာရီ ၄၀ မိနစ်ခန့်တွင် ကျန်ရှိသည့်ဗုံးနှစ်လုံးကို အဝေးထိန်းခလုတ်ဖြင့် ဖောက်ခွဲခဲ့ခြင်းဖြစ်သည်ဟု မြနန္ဒာစစ်ဆင်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးကသံလွင်ခက်ကိုပြောသည်။
“အယောင်ပြတစ်လုံးနဲ့ အဝေးထိန်းနှစ်လုံး စုစုပေါင်း သုံးလုံးထောင်တယ်။ဘန်နာနဲ့ တစ်လုံးကိုသူတို့ဖြုတ်နေတုန်းကျန်တဲ့ နှစ်လုံးကို အဝေးထိန်းနဲ့ခွဲတာ“ဟု ဆိုသည်။
ဗုံးပေါက်ကွဲမှုဖြစ်စဉ်အပြီးတွင် စစ်ကောင်စီဘက်မှပြန်လည် ပစ်ခတ်မှုများရှိခဲ့သော်လည်း မြနန္ဒာစစ်ဆင်ရေးအဖွဲ့ဝင်များက အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့သည်ဟု ဆိုသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များကိုမူ လူနာတင်ယာဉ်ဖြင့် လာရောက်ခေါ်ဆောင်သွားပြီး အတွင်းသတင်းများအရ နှစ်ဦးသေဆုံးသည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ပြောသည်။
မတ်လ ၂၅ ရက်နေ့ကလည်း မန္တလေးမြို့ အောင်မြေသာစံမြို့နယ်တွင် စစ်ကောင်စီ ဝန်ကြီးချုပ်ကားတန်းကိုကာကွယ်ရေးတပ်ဖွဲ့ဝင်များက ပဒေသာမိုင်းဖြင့်ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ၁၄ ဦးသေဆုံးခဲ့သည်။
Photo – ပေးပို့။