မတ် ၂၈ ၊ ၂၀၂၃ ။
ကရင်ပြည်နယ်၊မြဝတီမြို့ ကုန်သွယ်ရေးဇုန်အနီးရှိမဲကနယ်ရပ်ကွက်ဒေသခံများအားလုံးဘေးလွတ်ရာထွက်ပြေးရှောင်တိမ်းနေကြရသည်ဟု ဒေသခံများကသံလွင်ခက်ကိုပြောသည်။
အဆိုပါရပ်ကွက်ဒေသခံများကို အုပ်ချုပ်ရေးမှူများက ” ရွှေ့ပေးကြပါ ပစ်ကွင်းတည့်တယ်“ဟုလိုက်လံပြောဆိုလာ၍ ယမန်နေ့ နေ့လည်ပိုင်းမှစ၍ မြဝတီမြို့ပေါ်ရှိနီးစပ်ရာဆွေမျိုးများ၊ ဘုန်းကြီးကျောင်းများနှင့်စာသင်ကျောင်း များသို့ ရှောင်တိမ်းကြရသည်ဟု အသက် ၇၀ ကျော်အရွယ် မဲကနယ်ဒေသခံတစ်ဦးက သံလွင်ခက်ကိုပြောသည်။
” ရပ်ကွက်အုပ်ချုပ်ရေးမှူး လူကြီးတွေလိုက်ပြောတာပဲ။ မနေ့ကရှောင်ကြတာ။ အခုလည်း ပြန်ဝင်လို့မရသေးဘူး။ပစ်ခတ်နေတုန်းပဲ။ လက်နက်ကြီးရော လက်နက်ငယ်ရောပစ်နေတာ။ မနက်ကတည်းကပစ်နေတာ “ဟု ၎င်းကညနေ၃နာရီခန့်တွင် ပြောသည်။
အဆိုပါမဲကနယ်ဒေသတွင် နှစ်ဖက်စစ်ကြောင်းများကတပ်အင်အားများကိုဖြည့်တင်းထားပြီး မြေပြင်အနီးကပ်ထိတွေ့မှုထက် လက်နက်ကြီးများဖြင့်ပစ်ခတ်မှုများက ပိုများသည်ဟု ဒေသခံများကပြောသည်။
စစ်ကောင်စီတပ်၏ သင်္ဃန်းညီနောင်ဗျူဟာကုန်း၊ ၂၇၅ တပ်နှင့်BGF တပ်၏ဗျူကုန်းတို့မှ မဲကနယ်အနီး ဒေါနတောင်ခြေဘက်ကို တောက်လျောက်ပစ်ခတ်မှုများပြုလုပ်နေသည်ဟု သိရသည်။
ယမန်နေ့ မတ်လ၂၇ရက် ညနေ ၅:၀၀ နာရီ ခန့်တွင် မြဝတီ ၊မဲကနယ်ကွက်သစ် အုပ်ချုပ်ရေးရုံးသို့ KNLAနှင့်PDF ပူးပေါင်းအင်အား ၆၀ဦးခန့်ဖြင့် ရာအိမ်မှူးဦးဇော်မင်ဦးကို ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု KNLAစစ်ကြောင်းများကို ထောက်ပံ့နေသူတစ်ဦးကပြောသည်။
ထို့ပြင် မဲကနယ်အုပ်ချုပ်ရေး ရုံးအနီးရှိတွင်လည်းKNLAနှင့်PDF ပူးပေါင်းအဖွဲ့များက အခြေပြုနေရာယူထားကြသည်ဟု ဒေသခံများထံမှသိရသည်။
” စစ်ကြောင်းတွေကတော့ ပတ်ဝိုင်း၊ ပတ်ခံပေါ့။ နှစ်ဖက်စလုံးက စစ်ကြောင်းထိုးနေတာ။ အင်အားကရာချီရှိတယ်“ဟု ဒေသခံတစ်ဦးကပြောသည်။
မြဝတီကုန်သွယ်ရေးဇုန်နေရာမှ မြဝတီအာရှလမ်းမကြီးတစ်လျှောက် ကော့ကရိတ်၊ ကျုံဒိုးတို့ဘက်အထိ မတ်လ၂၅ ရက်တွင် ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ပြီးလက်ရှိချိန်ထိစစ်ရေးတင်းမာနေဆဲဖြစ်သည်။
မတ်လ ၂၅ရက်နေ့ မြဝတီကုန်သွယ်ရေးဇုန်ပစ်ခတ်မှုတွင် ဇုန်ထိပ်မဲကနယ်ရပ်ကွယ်ရှိဒေသခံများမှာ မြဝတီမြို့သို့တိမ်းရှောင်ရန် လမ်းကြောင်းပိတ်မိနေသည့်အခြေအနေရှိခဲ့ပြီး ယမန်နေ့လမ်းကြောင်းရှင်းသည့်အချိန်မှရှောင်တိမ်းကြရခြင်းဖြစ်သည်။
ပုံစာ–မတ်လ၂၅ရက်တွင် မြဝတီကုန်သွယ်ရေးဇုန်ပစ်ခတ်မှုမှ မီးလောင်မှုများ။