သံလွင်ခက်။
မတ် ၂၈ ၊ ၂၀၂၃။
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်းက ၂ ရက်တာ တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ ဦးနှင့်အထက် သေဆုံးခဲ့သည်ဟု Lion Battalion Commando Special Forces ဗျုဟာစစ်ကြောင်းက ယနေ့တွင် ထုတ်ပြန်သည်။
ဗျူဟာမှူး ဗိုလ်အယ်စေးဝါဦးဆောင်သော Lion Battalion Commando – ဗျူဟာစစ်ကြောင်း ၊ ကရင့်တော်လှန်ရေးတပ်ဖွဲ့များ နှင့် အခြားသော PDF ပူးပေါင်းစစ်ကြောင်းများသည် မတ်လ၊ ၂၅ ရက်နေ့ မနက်(၇)နာရီ (၃၀)မိနစ်အချိန်မှစ၍ ကျုံဒိုးမြို့အခြေစိုက် ခမရ (၅၄၅/ ၅၄၆)၊ ကျုံဒိုးရဲစခန်း၊ ဂျိုင်းတံတား နှင့် ငါးတိုင်အလယ်တန်းစာသင်ကျောင်းအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ၊ လက်အောက်ခံ နယ်ခြားစောင့်တပ် BGF တပ်ဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့ဝင်များကို ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
မတ်လ၊ ၂၅ ရက်နေ့ မှ ၂၆ ရက်နေ့အထိ (၂)ရက်တာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ ဦးနှင့်အထက် သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာ ပြင်းထန်ရရှိသူများ ရှိခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့ပြင် လက်နက်ခဲယမ်းတချို့လည်း သိမ်းဆည်းရမိခဲ့သည်ဟု Lion Battalion Commando Special Forces ဗျုဟာစစ်ကြောင်း ပြောခွင့်ရက သံလွင်ခက်ကို ပြောသည်။
အဆိုပါ တိုက်ပွဲအတွင်း Lion Battalion Commando – ဗျူဟာစစ်ကြောင်းမှ ရဲဘော် မိုးသက်မောင်မောင်(ခ)အရှည်ကြီး ၊ ရဲဘော်မျိုးမင်းလှိုင်(ခ)မျိုးကြီး နှင့် ရဲဘော် သရဲနီ တို့ ကျဆုံးခဲ့သည်ဟု ဖော်ပြထားသည်။