သံလွင်ခက် ။
မတ် ၂၈ ၊ ၂၀၂၃။
ရန်ကုန်တိုင်းတွင် ယနေ့ မတ်လ ၂၈ ရက် နေ့လည် ၁နာရီ ၂၂ မိနစ် အချိန်တွင် အင်အားအနည်းငယ်ရှိသည့် မြေငလျင်တစ်ခု လှုပ်ခတ်သွားသည်ဟု မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်သည်။
ပြင်းထန်သည့် ငလျင်မျိုး မဟုတ်ဘဲ သာမာန် ငလျင်မျိုးသာ ဖြစ်သည်ဟု ပုဇွန်တောင်မြို့နယ်တွင် နေထိုင်သူတစ်ဦးက ပြောသည်။
၎င်းက ” အရမ်းခါယမ်းတာမျိုးမရှိဘူး။ ဒီတိုင်းထိုင်နေရင်း ရိပ်ခနဲမူးရုံလောက်။ တချို့ဆို မသိကြဘူး “ဟုဆိုသည်။
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်တွင် ကမ္ဘာအေးမြေငလျင်စခန်းမှ မြောက် – အနောက်မြောက်ဘက် (၂၁)မိုင် ခန့်အကွာ၊ မြန်မာနိုင်ငံပြည်တွင်း (မှော်ဘီမြို့၏ အနောက်မြောက်ဘက် (၁၂)မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၁၇.၂၁) ဒီဂရီ၊ အရှေ့ လောင်ဂျီတွဒ် (၉၅.၈၅) ဒီဂရီ၊ အနက် (၁၅)ကီလိုမီတာကိုဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၃.၇) အဆင့်ရှိ အင်အားအနည်းငယ်ရှိသည့် မြေငလျင်တစ်ခု လှုပ်ခတ်သွားခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။