မတ် ၂၈ ၊ ၂၀၂၃ ။
ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော်ခရိုင်၊ တပ်မဟာ ၅ ထိန်းချုပ်နယ်မြေအတွင်းရှိ မယ်ခါးထာ့စစ်ကောင်စီစခန်းကို KNLAက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်ဟု KNLA တပ်ဖွဲ့ဝင်များနှင့်နီးစပ်သူများကအတည်ပြုပြောကြားသည်။
ထိုင်း–မြန်မာနယ်စပ်စခန်းတစ်ခုဖြစ်ပြီး သံလွင်မြစ်ကမ်းဘေးရှိ မယ်ခါးထာ့စစ်ကောင်စီစခန်းကို KNLA တပ်ဖွဲ့ဝင်များက ယနေ့နံနက်အစောပိုင်းအချိန်တွင် တိုက်ခိုက်သိမ်းပိုက်၍ မီးရှို့ဖျက်ဆီးနိုင်ခဲ့သည်။
“တိုက်ပွဲဖြစ်တော့ အနီးအနားက ရွာလူတွေ ဘာမှမယူနိုင်ဘဲဘေးလွတ်ရာထွက်ပြေးကြတာ။ မနက်၆နာရီလောက်က ဖုန်းဆက်အကူအညီတောင်းလာတာ။ တချို့ ထိုင်းဘက်ခြမ်းကို သုံး၊ လေးဆယ်တော့ ရောက်လာတယ်“ဟု စစ်ဘေးရှောင်များကို ကူညီနေသူတစ်ဦးက သံလွင်ခက်ကိုပြောသည်။
စခန်းသိမ်းပိုက်နိုင်ပြီးနောက် စစ်ကောင်စီဘက်မှ ၈ နာရီဝန်းကျင်ခန့်တွင် လေကြောင်းမှလာရောက်တိုက်ခိုက်နေပြီး စစ်ရှောင်များမှာ ထိုင်းနိုင်ငံဘက်ခြမ်းကို ထွက်ပြေးရန် အကန့်အသတ်များရှိနေ၍ မလွယ်ကူကြောင်းနှင့် ထိုင်းဘက်ခြမ်း မယ့်ခါးထာ့(ကရင်ရွာ)ဖက်သို့ ဆွေမျိုးများရှိသည့်သူများအနည်းငယ်သာ ကူးလာ၍ အဆင်ပြေကြောင်း၎င်းကပြောသည်။
အဆိုပါ မယ်ခါးထာ့စစ်ကောင်စီစခန်းသည် တပ်မဟာ၅ နယ်မြေအတွင်း၌ အချက်အချာကျသည့် စခန်းတစ်ခုဖြစ်ပြီး မကြာခဏဆိုသလို ပြည်သူများသွားလာနေသည့် စက်လှေများကို ပစ်ခတ်လေ့ရှိသည်ဟု ဒေသခံများအရေးလုပ်ဆောင်နေသူတစ်ဦးက ပြောသည်။
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်(မူတြော်ခရိုင်) အတွင်း၌ စစ်ကောင်စီက ထိန်းချုပ်ထားနိုင်သည့််နေရာ ၁၀ ရာခိုင်နှုန်းခန့်သာရှိတော့သည်ဟု ကေအဲန်ယူတပ်မဟာပြောခွင့်ရ ပဒိုမန်မန်က ယခုနှစ်စပိုင်းတွင် သံလွင်ခက်ကိုပြောဆိုထားသည်။
ပြီးခဲ့သော ၂၀၂၂ ခုနှစ်တွင် တစ်နိုင်ငံလုံးတွင်ဖြစ်ပွားခဲ့သော တိုက်ပွဲအရေအတွက်၏ တစ်ဝက်ကျော်အရေအတွက်မှာ ကေအဲန်ယူတပ်မဟာ ၅ နယ်မြေတွင်ဖြစ်ပွားခဲ့သည်။
ယခုနှစ်ဦးပိုင်း ဇန်နဝါရီနှင့်ဖေဖော်ဝါရီလအတွင်း၌ တိုက်ပွဲပေါင်း ၃၈၇ ကြိမ်ဖြစ်ပွားခဲ့သည်။
၂၀၂၂ ခုနှစ် တစ်နှစ်တာလုံးတွင် ကေအဲန်ယူတပ်မဟာ ၅ နယ်မြေအတွင်း၌ တိုက်ပွဲပေါင်း ၂၇၃၇ ကြိမ်ဖြစ်ပွားခဲ့ပြီးစစ်ကောင်စီတပ်ဖွဲ့ဝင် ၁၃၀၇ ဦးသေဆုံး၍ ၉၇၂ ဦး ဒဏ်ရာရရှိခဲ့သည်။
စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)အပါအဝင် ၎င်းအဖွဲ့အစည်းများကို ထောက်ပံ့ကူညီနေသော တိုင်းရင်းသားလက်နက်ကိုင်အစုအဖွဲ့(EAO)များကို ရှင်းလင်းသွားမည်ဟု ယမန်နေ့ကကျင်းပခဲ့သည့် အခမ်းအနားတွင် ပြောကြားခဲ့သည်။