မတ် ၂၇ ၊ ၂၀၂၃ ။
ချင်းပြည်နယ်မြောက်ပိုင်း ဖလမ်းမြို့နယ်အခြေအစိုက် CNDF တပ်ဖွဲ့ဝင်များသည် အညာဒေသသို့ ကိစ္စတစ်ခုဖြင့်သွားရောက်ခဲ့ရာ သတင်းပေါက်ကြားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ဝိုင်းပစ်ခတ်ခြင်းကိုခံရ၍ ရဲဘော်နှစ်ဦးကျဆုံးခဲ့သည်။
ယခုမတ်လ ၁၅ ရက်တွင် စစ်ကိုင်းတိုင်း၊ဘုတလင်မြို့အနီးတွင် စစ်ကောင်စီတပ်မှ ပစ်သတ်ခဲ့သောကြောင့် CNDF ရဲဘော်များဖြစ်သည့် ဆလိုင်းဇာနည်အောင်နှင့် ဆလိုင်း ဒေးဗစ်လာလ်ထန်လျန်တို့ကျဆုံးခဲ့သည်။
“မတ်လ ၁၅ရက်နေ့က ဘုတလင်ဖက်ကိုတာဝန်တစ်ခုနဲ့ ခရီးသွားရင်း သတင်းပေါက်ပြီး သူတို့နားနေတဲ့နေရာမှာစကစတွေ အဝိုင်းခံရပြီး ပစ်သတ်သွားတာ ခံလိုက်ရတာဗျ “ဟု CNDF တာဝန်ရှိသူတစ်ဦးကသံလွင်ခက်ကို ယနေ့တွင်ပြောသည်။
ကျဆုံးရဲဘော်နှစ်ဦး၏အရိုးပြာအိုးသည် ယနေ့မှ ဖလမ်းမြို့နယ်ကိုရောက်ရှိခဲ့ပြီး ရဲဘော်နှစ်ဦး၏စျာပနကိုပြုလုပ်ပေးရသည်ဟု စျာပနပွဲကိုသွားရောက်ခဲ့သည့် ဖလမ်းမြို့ခံလူငယ်တစ်ဦးကပြောသည်။
” အရိုးပြာကဒီနေ့မှရောက်တာ ။ တောလမ်းကနေလာရတဲ့ခရီးဆိုတော့ တစ်ပတ်ကျော်ကြာတယ် “ဟု CNDF များနှင့်နီးစပ်သူ ဖလမ်းမြို့ခံလူငယ်ကပြောသည်။
CNDFတပ်ဖွဲ့ဝင်များ၏အညာခရီးစဥ်တွင် ရဲဘော်သုံးဦးသွားရောက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များဝိုင်း၍ပစ်ခတ်ချိန်တွင် ကျန်CNDF ရဲဘော်တစ်ဦးက ကိစ္စတစ်ခုဖြင့် အပြင်ရောက်နေ၍ အသက်ရှင်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းကပြောသည်။
ထိုနေ့ပစ်ခတ်ခံရမှုတွင် CNDFရဲဘော်နှစ်ဦးနှင့်အတူ PDF ရဲဘော်နှစ်လည်းပစ်ခတ်ခံရပြီးကျဆုံးခဲ့သည်ဟု သိရသည်။