ကောင်းချစ်အောင်
မတ် ၂၅၊ ၂၀၂၃။
စစ်ကိုင်းတိုင်းဒေသကြီး၊ ဝက်လက်မြို့ မြို့မမီးသတ်ရုံးရှိ ကင်းဝတ်နေသည့် ပျူစောထီးများကို ဒရုန်းဖြင့် ဗုံးသီးပစ်ချတိုက်ခိုက်ခဲ့ပြီး ပျူစောထီးခေါင်းဆောင်သေဆုံးသည်ဟု သိရသည်။
အဆိုပါမီးသတ်ရုံးတွင် ပျူစောထီး၇ယောက် ကင်းပုန်းဝပ်နေခြင်းဖြစ်ပြီး မတ်လ၂၃ရက်တွင် ဒရုန်းနှစ်စင်းဖြင့် ဗုံးသီးတစ်လုံးစီ ပစ်ချခဲ့သည်ဟု ရွှေဘိုခရိုင် အမှတ်၁၅ တပ်ရင်း Eagle Guerrilla Force တပ်ခွဲ ၁ တာဝန်ခံက သံလွင်ခက်ကိုပြောသည်။
“သူတို့မြို့ကို ဝင်တိုက်မှာစိုးလို့ ကင်းပုန်းဝပ်နေတာ အဲကောင်တွေ မြို့ပြင်လဲထွက်မလာရဲဘူး“ဟု ဆိုသည်။
အဆိုပါတိုက်ခိုက်မှုကြောင့် ဝက်လက်မြို့ အမှတ်၃ခေါင်းဆောင်ဖြစ်သူ ဇင်မျိုးခေါ် လိပ်ပု ပွဲချင်းပြီးသေဆုံးပြီးအခြားပျူစောထီးအဖွဲ့ဝင်နှစ်ဦးပါ အပြင်းအထန်ထိခိုက်ဒဏ်ရာရခဲ့သည်ဟု သိရသည်။
“လိပ်ပုကတော့ တိုက်ရိုက်ထိသွားတာ တစ်ယောက်က မျက်လုံးတစ်ဖက်ကန်းသွားတယ်ပြောတယ်။ နောက်တစ်ယောက်လည်းအပြင်းအထန်ထိသွားတယ် သေတော့မသေဘူး“ဟု အတွင်းသတင်းပေးချက်အရသိရှိရကြောင်းEagle Guerrilla Force တာဝန်ခံကပြောသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၂ရက်တွင် ဝက်လက်မြို့နယ်ကို စစ်ကောင်စီက စစ်အုပ်ချုပ်ရေးနယ်မြေစာရင်းထဲထည့်သွင်းခဲ့ပြီး အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှုး၏ စစ်အုပ်ချုပ်ရေးအောက်တွင် ထားရှိခဲ့သည်။