မတ် ၂၅ ၊ ၂၀၂၃ ။
ယနေ့နံနက်ပိုင်းတွင် ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် ထိုင်း – မြန်မာ နယ်စပ်ဖြတ်ကျော် မြဝတီ–မဲဆောက်အမှတ် ၁ ချစ်ကြည်ရေးတံတားကို ယာယီပိတ်လိုက်သည်ဟု အနီးပတ်ဝန်းကျင်၌ နေထိုင်သူများထံမှ သိရသည်။
ကရင်ပြည်နယ်၊ မြဝတီမြို့အနီးတွင် ယနေ့နံနက်အစောပိုင်းမှစ၍ တိုက်ပွဲများဖြစ်ပွားနေရာ မြဝတီ–မဲဆောက်တံတားကို နံနက် ၁၀ နာရီခွဲတွင် လူများနှင့် ကားများဖြတ်သန်းမှုကို ပိတ်လိုက်ခြင်းဖြစ်သည်ဟု ကားသမားတစ်ဦးက ပြောသည်။
” မနက်အစောပိုင်းကတော့ ထိုင်းဘက် အဝင်ကိုလက်ခံသေးတယ် ။ ၁၀ နာရီခွဲကျတော့ အဝင်ကိုပိတ်လိုက်တာ။ပြန်ထွက်မယ့်သူတွေကတော့ အဆင်ပြေတယ်။ လက်မှတ်ပါရင် ပြန်ထွက်လို့ရပါတယ် ။ တံတားကတော့ ယာယီပိတ်တာလို့ပဲ သိရတယ် “ဟု ၎င်းကပြောသည်။
ယနေ့ နံနက်ပိုင်းတွင် မြဝတီမြို့နယ် မဲကနယ်အုပ်စု၌ KNLA နှင့်PDF ပူးပေါင်းတပ်များက စစ်ကောင်စီနှင့်BGF စခန်းများကိုတိုက်ခိုက်ရာမှ တိုက်ပွဲများဖြစ်ပွားနေခြင်းဟု သိရသည်။
ထိတွေ့တိုက်ပွဲသည် မြဝတီ သင်္ဃန်းညီနောင် ရဲစခန်းရှေ့၊ သင်္ကန်းညီနောင် သက်သက်လွတ်ကျောင်းရှေ့နှင့်ကုန်သွယ်ရေးဇုန်တို့တွင် တိုက်ပွဲများဖြစ်ပွားလျက်ရှိသည်ဟု ဒေသခံများထံမှ သိရသည်။
တိုက်ပွဲမှာ ဆက်လက်ပြင်းထန်လာသည့်အတွက် စစ်ကောင်စီတပ်မှ နံနက် ၁၀ နာရီကျော်အချိန်တွင် ရဟတ်ယာဉ်ဖြင့် လာရောက်တိုက်ခိုက်ခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။
တိုက်ပွဲများကြောင့် ယနေ့တွင် ယာယီပိတ်လိုက်သည့် မြဝတီ–မဲဆောက်အမှတ် ၁ ချစ်ကြည်ရေးတံတားကို ယခုနှစ် ဇန်နဝါရီလ ၁၂ရက်တွင် ဖွင့်လှစ်၍ နှစ်နိုင်ငံ နယ်စပ်ဖြတ်ကျော်ခွင့်ကို ပေးခဲ့ခြင်းဖြစ်သည်။