မတ် ၂၄၊ ၂၀၂၃။
ကချင်ပြည်နယ် ရွှေကူမြို့နယ်တွင် KIA၊ PDF ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တို့ တိုက်ပွဲ ပြင်းထန်နေပြီးယမန်နေ့ မတ်လ ၂၃ ရက်နေ့ တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် တပ်ရင်းမှူး တစ်ဦး ထိခိုက်ဒဏ်ရာ ရရှိကာ တပ်ဖွဲ့ဝင် သုံးဦးခန့် သေဆုံးခဲ့သည်ဟု ရှေ့တန်းတွင် ရောက်ရှိနေသည့် ရဲဘော်ထံက သိရသည်။
KIA၊ PDF ပူးပေါင်းတပ်နှင့် အင်အား ၁၅၀ ဦးခန့်ရှိသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်တို့သည် ယမန်နေ့နံနက် ၈ နာရီခန့်မှညနေ ၅ နာရီခွဲခန့်ထိ စီမော်ကျေးရွာ၊ နောင်လက်ကြီးကျေးရွာနှင့် ဌက်တံတားကျေးရွာအနီးတွင် တိုက်ပွဲ သုံးကြိမ်ဖြစ်ပွားခဲ့သည်ဟု ရှေ့တန်းရောက် ရဲဘော်က သံလွင်ခက်ကိုပြောသည်။
“ဟိုဘက်ကတော့ ဒုတပ်ရင်းမှူးတစ်ယောက် ထိမိတာ ရှိတယ်။ သေဆုံးစုစုပေါင်းတော့ အတိအကျမသိဘူး။၇ယောက် ၈ ယောက်လောက်တော့ ထိခိုက်ဒဏ်ရာရပြီး ၂ ယောက် ၃ ယောက်သေတာတော့ ကျွန်တော်တို့ မျက်မြင်တွေ့လိုက်တယ်” ဟု၄င်းကပြောသည်။
ရွှေကူမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် KIA၊ PDF ပူးပေါင်းတပ်တို့အကြား တိုက်ပွဲများ ပြင်းထန်နေပြီး ယမန်နေ့၏စစ်ကောင်စီစစ်ကြောင်းသည် ရွှေကူမြို့နယ် အနောက်ခြမ်းသို့ ဆက်လက်စစ်ကြောင်းထိုး ဝင်ရောက်လာသောကြောင့် ယနေ့နံနက် ၇ နာရီခွဲခန့်တွင်လည်း နန့်လှန်ကျေးရွာအနီးတွင် KIA ပူးပေါင်းတပ်နှင့် နာရီဝက်ခန့်တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ၎င်းက ဆက်ပြောသည်။
အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် တပ်မ (၈၈) လက်အောက်ခံတပ်ဖွဲ့ဝင်များ ဖြစ်ပြီး ယခင်က ကေအိုင်အေအမှတ် ၅ တပ်ရင်းရှိရာ ကျောက်တလုံးနဲ့ ကျောက်ကြီးကျေးရွာတို့တွင် လှုပ်ရှားနေသည့် တပ်ဖွဲ့ဖြစ်သည်။
ယမန်နေ့က ရွှေကူမြို့မှ တစ်ဆင့် ကေအိုင်အေ အမှတ် ၁၂ တပ်ရင်းရှိရာ ဧရာဝတီမြစ် အနောက်ခြမ်းသို့စစ်ကြောင်းသုံးခုခွဲကာ စစ်ရေးလှုပ်ရှားလာသည့်အဖွဲ့ဖြစ်သည်ဟု ဒေသတွင်းသတင်းအရင်းမြစ်များထံက သိရသည်။
ပုံစာ–ရှေ့တန်းတစ်နေရာမှKIA ၊PDF ပူးပေါင်းတပ်ဖွဲ့ဝင်များမြင်ကွင်း။
Photo-Crd