ကောင်းချစ်အောင်
မတ် ၂၄၊ ၂၀၂၃။
စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်ရှိ ဘုက္ကန်နယ်မြေရဲကင်းစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရမိသည်ဟု သိရသည်။
အိန္ဒိယနိုင်ငံနယ်စပ်ရှိ အဆိုပါ ဘုက္ကန်ရွာနယ်မြေရဲကင်းတွင် ရဲနှင့်ပျူစောထီး စုစုပေါင်း ၁၅ဦးထက်မနည်း တပ်စွဲထားပြီး ဘုက္ကန်ရွာနာမည်ကိုအစွဲပြုပြီး ဘုတ်ကန်စစ်ဆင်ရေးအမည်ဖြင့် ဆင်နွဲခဲ့ခြင်းဖြစ်သည်ဟု အမျိုးသားလွတ်မြောက်ရေးတပ်တော် NLA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်သျှောင်တစောင်းက သံလွင်ခက်ကိုပြောသည်။
“မနက်၇နာရီ ၂၀လောက်မှာ စတိုက်တယ်။ ဟိုဘက်က ကတုတ်ကျင်းတွေထဲကနေပြန်ခံပစ်တယ်။ အပြန်အလှန်မိနစ်လေးဆယ်ကျော်လောက်ကြာတော့စခန်းကနေခွာပြီး အိန္ဒိယဘက်ကိုပြေးသွားတာ“ဟု၎င်းကဆိုသည်။
စခန်းစီးနင်းခဲ့မှုအတွင်း တူမီးနှင့်လက်လုပ်သေနတ်အချို့အပါအဝင် လက်နက်ငယ် ၁၅ လက်၊ ကျည်ဆန် ၂၀၀၀ကျော်၊ မိုင်းနှင့်လက်ပစ်ဗုံးမျာအပါအဝင် ရဲအုပ်အဆင့် ယူနီဖောင်းနှင့် အခြားဆက်စပ်ပစ္စည်းများသိမ်းဆည်းရမိခဲ့သည်ဟု သိရသည်။
“အထိအခိုက်တော့ရှိနိုင်တယ် အတည်ပြုဖို့ကြိုးစားဆဲပါ“ဟု ဗိုလ်သျှောင်တစောင်းက ပြောသည်။
အမျိုးသားလွတ်မြောက်ရေးတပ်တော်ဟု ပြောင်းလဲဖွဲ့စည်းပြီးနောက်ပိုင်း ဘုတ်ငှက်စစ်ဆင်ရေးသည် ပထမဆုံးစစ်ဆင်ရေးဖြစ်ပြီး စစ်ကောင်စီထောက်တိုင် မည်သည့်အဖွဲ့အစည်းကိုမဆို ပြင်းပြင်းထန်ထန်တိုက်ခိုက်သွားမည်ဟု ထုတ်ပြန်ကြေညာထားသည်။