စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်ရှိ ရှမ်းစု နှင့် တကုန်းစသည့်ကျေးရွာများရှိ ဒေသခံများ ပြည်သူ့စစ်သင်တန်းတက်ရောက်ရန် ဖိအားပေးခံနေရသည်ဟု ဒေသခံများထံက သိရသည်။
အဆိုပါ ကျေးရွာများရှိ ဒေသခံများကို စစ်ကောင်စီလက်အောက်ခံ ပျူစောထီးအဖွဲ့ဝင်များက မတ်လ ၁၄ ရက်နှင့်၁၅ ရက်များတွင် အစည်းဝေးခေါ်ယူ၍ ပြည်သူ့စစ်သင်တန်းတက်ရောက်ရန် ပြောကြားခဲ့ခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက သံလွင်ခက်သတင်းဌာနကို ပြောသည်။
၎င်းက ” သူတို့အစည်းဝေးလုပ်ပြီးတော့ ရွာကသူတွေကို မဲနှိုက်ရမယ် မဲပေါက်တဲ့သူတွေကိုဆိုရင် သင်တန်းမတက်မနေရတက်ရမယ်ပြောတယ်။ မတက်ရင် ဒဏ်ကြေးဆောင်ရမယ်လည်းပြောတယ် “ဟုဆိုသည်။
ထို့ပြင် ပြီးခဲ့သည့် မတ်လ ပထမအပတ်တွင်လည်း ပျူစောထီးအဖွဲ့ဝင်များက ကံပေါက်ကျေးရွာရှိ ဒေသခံများကိုအစည်းဝေးခေါ်ယူကာ ပြည်သူ့စစ်သင်တန်း တက်ရောက်ရန် ပြောဆိုခဲ့သည်ဟု သိရသည်။
ကျွန်းလှမြို့နယ်အတွင်း စစ်ကောင်စီက လက်နက်တပ်ဆင်ပေးထားသည့် ပျူစောထီးတပ်ဖွဲ့ဝင်များသည် ဒေသခံများအပေါ် လက်နက်ဖြင့် အနိုင်ကျင့် ခြိမ်းခြောက် ငွေကြေးတောင်းယူခြင်းများ၊ ပျူဂိတ်များအား ဖိအားပေး ဂိတ်စောင့်ခိုင်းခြင်းများနှင့် စစ်ကောင်စီက ဦးစီးပြုလုပ်နေသည့် ပြည်သူ့စစ်သင်တန်းများ တက်ရောက်ရန်ခြိမ်းခြောက် ခိုင်းစေခြင်းများအပြင် စစ်ကောင်စီတပ်နှင့် ပူးပေါင်း၍ မြို့နယ်အတွင်းရှိ ကျေးရွာများအားမီးရှို့ခြင်း၊ အဖိုးတန် လက်ဝတ်ရတနာနှင့် စားနပ်ရိက္ခာများအား လုယက် သိမ်းဆည်းခြင်းများ ပြုလုပ်လျက် ရှိသည်ဟုဒေသခံများထံက သိရသည်။
စစ်ကောင်စီအနေဖြင့် ဒေသခံပြည်သူလူထုက ၎င်းတို့ ကျေးရွာ၊ ရပ်ကွက်များ၏ လုံခြုံရေးအတွက် ပြည်သူ့စစ်ဖွဲ့စည်းခွင့် တင်ပြလာပါက ဖွဲ့စည်းခွင့် စိစစ်ခြင်း၊ ဖွဲ့စည်း ခွင့်ပြုခြင်း၊ လိုအပ်သည့် လက်နက်တပ်ဆင်ပေးခြင်း၊စစ်မြေပြင်စည်းကမ်းနှင့် စစ်သင်တန်းခြင်းများစသည့် ဒေသကာကွယ်ရေးအတွက် ပြည်သူ့စစ်ဖွဲ့စည်းမှုသာရှိသည်စစ်ကောင်စီပြောခွင့်ရက ၂၀၂၂ ခုနှစ် ဇူလိုင် ၂၆ တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ထည့်သွင်းပြောကြားထားသည်။
ပုံစာ – ဦးဝါသဝနှင့် ပြည်သူ့စစ်သင်တန်းသားများမြင်ကွင်း။
Photo – ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ –ကန့်ဘလူခရိုင်