ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ်အတွင်းကိုစစ်ကောင်စီတပ်က အင်အားအများအပြားဖြင့်စစ်ကြောင်းထိုးလာသောကြောင့် တိုက်ပွဲပြင်းထန်ဖြစ်ပွားခဲ့သည်ဟု ကရင်နီတော်လှန်ရေးတပ်ပေါင်းစု KRU ကသတင်းထုတ်ပြန်သည်။
ပင်လောင်းမြို့နယ် ၊ နမ့်နန်းကျေးရွာ အနောက်ဘက်ရှိ တောင်ကုန်း ဒေသ တစ်ကျောအား စစ်ကောင်စီ တပ်တို့စစ်ကြောင်း အများအပြား ထိုးစစ်ဆင်လာသောကြောင့် ယမန်နေ့နံနက် ၇နာရီ မှ နေလည် ချိန်ထိပြင်းထန်တိုက်ပွဲဖြစ်ပွားခဲ့သည်။
အဆိုပါတိုက်ပွဲအတွင်း၌ စစ်ကောင်စီတပ်စစ်ကြောင်းကို ကရင်နီတော်လှန်ရေးတပ်ပေါင်းစု (KRU) ၊ KNDF BO(11)၊ PNDF(KK)၊အလယ်ပိုင်းတိုင်း တပ်ရင်း(804)၊ တပ်ရင်း(805)၊ တပ်ရင်း(1102)၊စစ်တောင်းပျောက်ကျားအဖွဲ့ တို့ကပူးပေါင်းတိုက်ခိုက်ခဲ့သည်။
ကာကွယ်ရေးမဟာမိတ်တပ်များ၏ ပူးပေါင်းတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဘက်မှ ၂၀ ဦးကျော် သေဆုံးခဲ့ပြီး ကာကွယ်ရေးတပ်များဘက်မှ KRU ရဲဘော် ၂ဦး ၊ တပ်ရင်း804 ရဲဘော် ၁ဦး၊တပ်ရင်း805 ရဲဘော် ၁ဦး၊စစ်တောင်းပျောက်ကျား ရဲဘော် ၁ဦးတို့ ဒဏ်ရာရရှိခဲ့သည်။
တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်စစ်ကြောင်းများက အရပ်သားပြည်သူများအားဖမ်းဆီးခေါ်ပြီး စစ်သုံ့ပန်သဖွယ် ပြုမူနေသောကြောင့် ဒေသခံကာကွယ်ရေးအဖွဲ များဖြစ်သော PNDF(KK)၊KNDFတို့ မှထုတ်ပြန်ထားသောတိုက်ပွဲ ဖြစ်ပွားလျက်ရှိ စစ်မျက်နှာ နှင့် ဝေးသော နေရာဒေသ များ အား ပြောင်းရွှေ့နေထိုင်ပေးကြပါရန် Karenni Revolution Union (KRU)က တိုက်တွန်းထားသည်။
ပင်လောင်းမြို့နယ်တွင် စစ်ကောင်စီတပ်စစ်ကြောင်းများနှင့် ကာကွယ်ရေးမဟာမိတ်ပူးပေါင်းတပ်တို့အကြား ပြီးခဲ့သောဖေဖော်ဝါရီလ ၂၄ ရက်မှစ၍ တိုက်ပွဲများ ယနေ့အထိတိုက်ပွဲများ တောက်လျောက်ဖြစ်ပွားနေခြင်းဖြစ်သည်။