“ညာဘက် ရင်အုံ ထိသွားတာ။ အဲဒီနေ့က တစ်ခါတည်း သဂြိုလ်လိုက်ရတယ်”
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်အတွင်းက ငါးနှစ်အရွယ်ကလေး တစ်ဦး သေနတ်ဒဏ်ရာဖြင့် သေဆုံးသွားမှုကိုမိသားစုဝင် တစ်ဦးက ပြန်လည်ပြောပြနေခြင်း ဖြစ်သည်။
၂၀၂၂ ခုနှစ် စက်တင်ဘာလတွင်းက စစ်ကောင်စီ တပ်ဖွဲ့ဝင်များ၏ စစ်ကြောင်းနှင့် ထိပ်တိုက်တွေ့ပြီး သေနတ်ထိမှန် သေဆုံးခဲ့ရခြင်း ဖြစ်သည်။
အာဏာသိမ်းအကျိုးဆက်ကြောင့် စစ်မက်ဖြစ်ပွားရာ ဒေသများမှ ကလေးငယ်များသည် အကာအကွယ်ကင်းမဲ့မှုကို ဆက်တိုက် ကြုံနေကြရသည်။ တိုက်ပွဲများအတွင်း လေကြောင်း လက်နက်ကြီး ပစ်ခတ်မှုများကြောင့် ကလေးငယ်များ သေဆုံးရသည်အထိ ရှိသလို စစ်ဘေးတိမ်းရှောင်ရင်း ပညာသင်ကြားခွင့်လည်း ဆုံးရှုံးနေရသည်။
စစ်တပ်အာဏာသိမ်းကာလအတွင်း ကလေးသူငယ်အခွင့်အရေး ချိုးဖောက်ခံရမှုများ ပိုမို တိုးမြင့်လာသဖြင့်မှတ်တမ်းတင်ထားရန် လိုအပ်သည်ဟု ကလေးသူငယ်အခွင့်အရေး လှုပ်ရှားသူများနှင့် လူ့အခွင့်အရေးဆိုင်ရာသုတေသနပညာရှင်များက ဆိုသည်။
NUG ၏ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနအနေဖြင့် စစ်တပ် အာဏာသိမ်းပြီး နှစ်နှစ်အတွင်း ကလေးသူငယ်များ၏ အခွင့်အရေးချိုးဖောက်ခံရမှု ၈၅ မှုကို အတည်ပြုနိုင်ခဲ့သည်။
ထိုအမှုများတွင် နိုင်ငံတကာ ရာဇဝတ်တရားရုံးသို့ တရားစွဲဆိုနိုင်ရန် အမှုပေါင်း ၁၄ ခုကို မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သော စုံစမ်းစစ်ဆေးရေးယန္တယား(IIMM) ထံသို့ တိုင်ကြားနိုင်ခဲ့သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရက ထုတ်ပြန်သည်။
လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန၏ အတွင်းဝန် ကိုမာဘယ်လ်ကလည်း စစ်ကောင်စီတပ်၏ လူ့အခွင့်အရေးချိုးဖောက်မှုများကို တရားစွဲဆိုနိုင်ရန် လုပ်ဆောင်လျက်ရှိသည်ဟု ဆိုသည်။
“နိုင်ငံတကာ လူ့အခွင့်အရေးယန္တရားနဲ့ ရာဇဝတ်မှုယန္တရားတွေကို အသုံးချပြီးUniversal Jurisdiction (နိုင်ငံတကာတရားစီရင်မှု) လုပ်ငန်းစဉ်ကို အသုံးပြုလုပ်ဆောင်နေတဲ့ နိုင်ငံတွေဖြစ်တဲ့ အာဂျင်တီးနား၊ တူရကီ၊ ဂျာမနီ စတဲ့နိုင်ငံတွေမှာ အကြမ်းဖက်စစ်အုပ်စုကို စတင်တရားစွဲဆိုနေပြီး နောက်ထပ် အင်ဒိုနီးရှား၊ ဩစတေးလျနဲ့ ဖိလစ်ပိုင်နိုင်ငံမှာလည်းUniversal Jurisdiction နဲ့ အညီ တရားစွဲဆိုနိုင်ဖို့ ဆက်လက်ကြိုးပမ်းလျက် ရှိပါတယ်” ဟု ၎င်းက ပြောသည်။
ကလေးသူငယ်အခွင့်အရေးသဘောတူစာချုပ်တွင် လူသားတိုင်း အသက်ရှင်ရန် အခွင့်အရေးရှိပြီး ကလေးသူငယ်များသည်လည်း ကောင်းမွန်စွာ ရှင်သန်ရပ်တည်နိုင်ရန် နိုင်ငံအစိုးရနှင့် မိဘများတွင် တာဝန်ရှိသည်ဟု ဖော်ပြထားသည်။
သို့သော် မြန်မာနိုင်ငံကို စစ်တပ်အာဏာသိမ်းပြီးနောက် နှစ်နှစ်အတွင်း ကလေးသူငယ်များ၏ အခွင့်အရေး ဆုံးရှုံးခဲ့ရပြီး နိုင်ငံ၏ ပဋိပက္ခများကြောင့် လူဦးရေ တစ်ဒဿမလေးသန်းကျော် အိုးမဲ့ အိမ်မဲ့ ဖြစ်ခဲ့ရသည်။ ထိုထဲတွင်ကလေးသူငယ် ၅ သိန်း ၂ သောင်းပါဝင်သည်ဟု နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့ Save The Children ကထုတ်ပြန်သည်။
နှစ်နှစ်အတွင်း မြန်မာနိုင်ငံတွင် ကျောင်းအပ်နှံမှုနှုန်း ၈၀ ရာခိုင်နှုန်းအထိ ကျဆင်းသွားပြီး ကလေးပေါင်း ခုနှစ်ဒဿမ ရှစ်သန်းခန့် ပညာသင်ကြားခွင့် ဆုံးရှုံးနေသည်ဟုလည်း Save The Children က ထောက်ပြသည်။
လက်ရှိမြန်မာနိုင်ငံတွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ သဘောတူစာချုပ်၊ နောက်ဆက်တွဲသဘောတူစာချုပ်၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေပါ ပြဌာန်းချက်များ ချိုးဖောက်ခံနေရသည်။
ကျူးလွန်သည့် တရားခံကို နိုင်ငံတကာတရားရုံးတွင် တရားစွဲဆို အရေးယူနိုင်ရန် စိတ်ရှည်ရန်လည်း လိုအပ်သလို သက်သေများ စုစည်းထားရန် လိုအပ်သည်ဟု ကလေးသူငယ်အရေး ၁၀ နှစ်ကျော် လှုပ်ရှားခဲ့သူ တစ်ဦးကပြောသည်။
“နိုင်ငံတကာစနစ်ဖြစ်တဲ့အတွက်ကြောင့် ရလဒ်တွေ၊ အရေးယူမှုတွေကို အလွယ်တကူ၊ မြန်မြန်ဆန်ဆန် ဖြစ်ပေါ်တိုးတက်မလာတာကိုတော့ သတိပြု၊ စိတ်ရှည်ဖို့ လိုပါမယ်။ သိမ်းဆည်းထားတဲ့ အထောက်အထားတွေက နောင်တရားစွဲဆိုတာတွေနဲ့ အသွင်ကူးပြောင်း တရားမျှတမှုတွေအတွက် အလွန်အရေးကြီးတဲ့ အထောက်အထားတွေဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။
မြန်မာနိုင်ငံသည် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ သဘောတူစာချုပ်ကို ၁၉၉၁ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက်တွင် အတည်ပြုလက်မှတ်ရေထိုးခဲ့ပြီး နောက်ဆက်တွဲ သဘောတူစာချုပ်ကို ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၁၆ ရက်တွင်လက်မှတ်ရေးထိုးထားသည်။
ထို့ပြင် လက်နက်ကိုင်ပဋိပက္ခတွင် ကလေးသူငယ်များ ပါဝင်ပတ်သက်မှုဆိုင်ရာ နောက်ဆက်တွဲ သဘောတူစာချုပ်ကို ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၂၇ ရက်တွင် အတည်ပြု လက်မှတ်ရေးထိုးခဲ့သည့် နိုင်ငံဖြစ်သည်။
သို့သော်လည်း နှစ်နှစ်အတွင်း အသက် ၁၈ နှစ်နှင့်အောက် ကလေးသူငယ် ၃၀၀ ဦးခန့် သေဆုံးခဲ့ရပြီး ဖမ်းဆီးထောင်ချခံရသူ ၄၀၀ ဦးခန့် ရှိသည်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP) ၏ဖော်ပြချက်အရ သိရသည်။
စစ်ကောင်စီတပ်သည် ၎င်းတို့၏ လုပ်ရပ်များကြောင့် ကလေးသူငယ်များ၏ အသက်များ၊ အခွင့်အရေးများ ဆုံးရှုံးနေရသည်ကို ဆင်ခြင်ရပ်တန့်ရန် အားထုတ်ရမည့်အစား တာဝန်ယူမှု ကင်းမဲ့ကာ ဝန်ခံမှုလည်း မရှိဟု ဝေဖန်ထောက်ပြမှုများလည်း ရှိနေသည်။
“ဘယ်နေရာမှာ ဖြစ်တာလဲ၊ ဘယ်အချိန်က ဖြစ်တာလဲ၊ ဘယ်သူ ကျူးလွန်တာလဲ၊ ကျူးလွန်ခံရသူက ဘယ်သူလဲ၊ဘယ်လို နည်းလမ်းတွေနဲ့ ကျူးလွန်ချိုးဖောက်တာလဲ၊ ကျူးလွန်ခံရသူ အရေအတွက်၊ အသက်အရွယ်၊ ကျား/မ၊ဘယ်သူတွေက မျက်မြင်တွေ့ရှိတာလဲ၊ ဘာအထောက်အထားတွေ ရှိသေးသလဲ။ ဓါတ်ပုံမှတ်တမ်း၊စာရွက်စာတမ်း၊ အသုံးပြုခဲ့တဲ့ ပစ္စည်း၊ အဝတ်အစား အထောက်အထား အစရှိတဲ့ အရာတွေကို စနစ်တကျမှတ်တမ်းပြုစုထားဖို့ လိုပါမယ်။ အထောက်အထားတွေကို သက်ဆိုင်သူတွေကို ပို့ပေးအစီရင်ခံသင့်သလို၊သင့်လျော်လုံခြုံမှုရှိမယ့် နေရာ၊ နည်းလမ်းတွေနဲ့ သိမ်းထားဖို့ လိုပါမယ်” ဟု ကလေးသူငယ်အရေးလှုပ်ရှားသူကဆိုသည်။
မြန်မာနိုင်ငံရှိ ကလေးသူငယ်များသည် တိုက်ပွဲကြောင့် ပုံစံအမျိုးမျိုး၊ အခြေအနေအမျိုးမျိုးဖြင့် အသက် ဆုံးရှုံးနေရသည်။
တိုက်ပွဲများကြား ဆေးကုသရန် ခက်ခဲ၍ ဖျားနာပြီး အသက်သေဆုံးသူရှိသကဲ့သို့ လက်နက်ကြီးများ၊ သေနတ်ကျည်များကြောင့် လူလားမမြောက်သေးသည့် ကလေးသူငယ် အများအပြားလည်း အသက်ဆုံးရှုူံးနေရသည်။
ဒီပဲယင်းမြို့နယ် လက်ယက်ကုန်းကျေးရွာက စာသင်ကျောင်းကို ၂၀၂၂ ခုနှစ် စက်တင်ဘာလက စစ်ကောင်စီ၏လေကြောင်း ပစ်ခတ်မှုကြောင့် သေဆုံးသူ ၁၂ ဦးရှိခဲ့ပြီး အသက်မပြည့်သေးသည့် ကျောင်းတက်နေသူ ကလေးငယ် ၆ ဦးနှင့် အရပ်သား ၆ ဦး ပါဝင်ခဲ့သည်။ ထို့ပြင် ထိခိုက်ဒဏ်ရာရရှိသူ ၄၀ ဦးကျော် ရှိခဲ့သည်။
မြန်မာပြည်တွင်းတွင် ကလေးသူငယ်အခွင့်အရေးချိုးဖောက်လျှင် ၂၀၁၉ ခုနှစ်က ပြဌာန်းခဲ့သည့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေပါ ပြဌာန်းချက်များနှင့် အရေးယူနိုင်သကဲ့သို့ ၂၀၁၄ ခုနှစ်တွင် ပြဌာန်းခဲ့သည့်မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်ဥပဒေအရ လူ့အခွင့်အရေးကော်မရှင်ကိုလည်း တိုင်ကြားနိုင်သည်။
သို့သော် လက်ရှိ စစ်တပ်အာဏာသိမ်းထားသည့်အခြေအနေတွင် ပြစ်မှုကျူးလွန်သူကို အရေးယူရန် ခက်ခဲလျက်ရှိသည်ဟု ဥပဒေပညာရှင်များက ဆိုသည်။
ကလေးများသည် နိုင်ငံ၏ အနာဂတ်ကြယ်ပွင်များ ဖြစ်သဖြင့် ထို အနာဂတ်များ ဘေးကင်းလုံခြုံစွာ ကြီးပြင်းရှင်သန်ခွင့် ရှိစေရန် လိုအပ်ပါသည်။
ကန့်ဘလူက ငါးနှစ်အရွယ် ကလေး၏ ညာဘက်ရင်အုံကို ထိမှန်သည့် ကျည်ကို ဒီမိုကရေစီ လိုလားသူ ပြည်သူတိုင်းက အနီးဆုံးနှလုံးသားဖြင့် ခံစားတတ်ရန်လည်း လိုအပ်ပေသည်။