လက်ရှိ တရုတ်သမ္မတ ရှီကျင့်ဖျင်ကို ၎င်း၏ တတိယအကြိမ်မြောက် သမ္မတသက်တမ်း ထမ်းဆောင်ရန် ကွန်ဂရက်အစည်းအဝေးတွင် တရားဝင်အပ်နှင်းခံခဲ့ရသည်ဟု နိုင်ငံတကာသတင်းဌာနများက ဖော်ပြသည်။
ပြီးခဲ့သည့် မတ်လ၁၀ရက်နေ့တွင် ပြုလုပ်သည့် အဆိုပါ ကွန်ဂရက်အစည်းအဝေးတွင် ထောက်ခံမှုမဲပေါင်း ၂၉၅၂မဲဖြင့် တတိယသမ္မတသက်တမ်းကို အတည်ပြုလိုက်ခြင်းဖြစ်သည်။
ရှီကျင့်ဖျင်သည် ပြီးခဲ့သည့်နှစ်ပိုင်းက ပြုလုပ်သည့် China Communist Party (CCP) တရုတ်ကွန်မြူနစ်ပါတီပြည်လုံးကျွတ်ညီလာခံကြီးတွင် ပါတီအတွင်းရေးမှူးချုပ်နေရာကို တတိယသက်တမ်းအနေဖြင့် ငါးနှစ်ထပ်မံယူလိုက်ပြီး သမ္မတရာထူးကိုလည်း ဆက်လက်ရယူမည်ဟု ထင်ကြေးပေးခံရသူဖြစ်သည်။
မော်စီတုံးခေတ်အလွန် တိန့်ရှောင်ဖိန်လက်ထက်တွင် ပါတီအတွင်းရေးမှူးရာထူးကို နှစ်ကြိမ်သာ ရွေးချယ်ခံခွင့်ရှိသည်ဟူသော သတ်မှတ်ချက်ကို ချမှတ်ခဲ့ရာ ယခုအချိန်တွင် ရှီကျင့်ဖျင်က ချိုးဖောက်ခဲ့သည်ဟု ဝေဖန်မှုများလည်း ရှိလာသည်။
သမ္မတဟောင်းနှစ်ဦးဖြစ်သည့် ကျန်းဇီမင်းနှင့် ဟူကျင်တောင်တို့က အဆိုပါသတ်မှတ်ချက်ကို လိုက်နာခဲ့ကြသည်ဟု လေ့လာသူများကဆိုသည်။
အသက်၆၉နှစ်အရွယ်ရှိပြီဖြစ်သည့် ရှီကျင့်ဖျင်သည် သူ၏ ပထမသမ္မတသက်တမ်းကို ၂၀၁၃ ခုနှစ်တွင် စတင်ခဲ့ကာ ပါတီအတွင်း သူ၏ ဩဇာအာဏာကို ထူထောင်နိုင်ခဲ့ပြီး တတိယသက်တမ်းကို စတင်နိုင်ခဲ့ခြင်းဖြစ်သည်။
ပြီးခဲ့သည့် နှစ်ကုန်ပိုင်းတွင် Zero Covid Policy အသစ်ကြောင့် ရှီကျင့်ဖျင်ခေါင်းဆောင်သည့် တရုတ်ကွန်မြူနစ်အစိုးရကို ဆန့်ကျင်သော ဆန္ဒပြပွဲများ ပေါ်ပေါက်ခဲ့သော်လည်း ရှီကျင့်ဖျင်သည် မော်စီတုံးကဲ့သို့ သေဆုံးချိန်အထိအာဏာလက်ကိုင်ယူထားဖွယ်ရှိသည်ဟု ကျွမ်းကျင်သူများက သုံးသပ်ထားကြသည်။
Photo-Xi Jinping