ထိုင်းရောက်မြန်မာအလုပ်သမားများ ကြုံတွေ့နေရသည့် အခက်အခဲများနှင့်ဒုက္ခများကို ကူညီဖြေရှင်းပေးမှုများလုပ်ဆောင်နေသည်ဟု NUG အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်နီက သံလွင်ခက်ကိုပြောသည်။
အမျိုးသားညီညွတ်ရေးအစိုးရ အလုပ်သမားဒုဝန်ကြီးနှင့်တာဝန်ရှိသူများသည် ယခုလ တတိယအပတ်တွင်း၌ထိုင်းနိုင်ငံဘန်ကောက်မြို့ကိုသွားရောက်ပြီး အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသည့် AAC မဟာမိတ်အဖွဲ့၊ LPN Foundation တို့နှင့်တွေ့ဆုံခဲ့ကြသည်။
“အထောက်ထားရှိတဲ့သူရော မရှိတဲ့သူရောထိုင်းနိုင်ငံမှာ ဒုက္ခရောက်နေတဲ့ကိစ္စတွေ၊ စက်ရုံတွင်းနစ်နာမှုတွေ စာရွက်စာတမ်းအခက်အခဲတွေအဲ့ဒါတွေကအစရှေ့ဆက်ပြီး AACရဲ့ဆောင်ရွက်မှုတွေအပေါ်မှာ NUGဝန်ကြီးဌာနကလည်းကျေးဇူးတင်ကြောင်းနဲ့ပူးပေါင်းဆောင်ရွက်မှုတွေအကြောင်းဆွေးနွေးဖြစ်ခဲ့တယ်” ဟု ဒုဝန်ကြီးက ခရီးစဥ်နှင့်ပတ်သက်၍ပြောကြားသည်။
ထိုင်းနိုင်ငံသို့ရောက်ရှိနေကြသော မြန်မာအလုပ်သမားအများစုသည် အခက်အခဲကြားမှာပင် တော်လှန်ရေးတွင်လည်း အများဆုံးပါဝင် အထောက်ကူပြုနေကြသည့်အတွက် အလုပ်သမားများအခက်ခဲရှိလာလျှင်လည်းပြန်လည်ကူညီနိုင်ရန် ရည်ရွယ်ချက်ဖြင့် NUG အလုပ်သမားဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်နေခြင်းဖြစ်သည်ဟု AAC ဦးဆောင်သူကိုရဲမင်းက သံလွင်ခက်ကို ပြောသည်။
” ကျွန်တော်တို့ AACအဖွဲ့က အရင်ကတည်းက NUGအစိုးရနဲ့လက်တွဲပြီး အလုပ်သမားတွေအရေးဖြေရှင်းပေးတယ်။ရှေ့ဆက် အရှိန်မြင့်တင်ပြီးတော့ ပူးပေါင်းဖြေရှင်းဖို့နဲ့ ကိုယ်စားလှယ် အဖွဲ့တွေထားပြီးတော့အလုပ်သမားအရေးကူညီနိုင်ဖို့ရယ်၊ထောက်ပို့ ပိုင်းဆိုင်ရာတွေကိုလည်း NUGနဲ့လက်တွဲပြီးလုပ်ဆောင်သွားဖို့အဓိကဆွေးနွေးခဲ့ကြတာပါ “ဟု ၎င်းက ပြောသည်။
NUG ဘက်ကလည်း ထိုင်းရောက်အလုပ်သမားများအတွက် စစ်အုပ်စုလက်အောက်ခံ မြန်မာသံရုံးနှင့် ပတ်သတ်စရာမလိုဘဲ ထိုင်းအစိုးရနှင့်ပူးပေါင်းပြီးအထောက်အထားကတ်တစ်မျိုးမျိုး ပြုလုပ်ပေးသွားနိုင်ရန်ဆောင်ရွက်နေသည်ဟု သိရသည်။
” အထောက်အထားကတ်တွေနဲ့ပတ်သတ်ပြီး ဖြေရှင်းပေးဖို့ ထိုင်းအစိုးရနဲ့ ဆွေးနွေးထားတွေရှိတယ်။မြန်မာနိုင်ငံအခြေနေကြောင့် ထိုင်းနိုင်ငံကိုရောက်ရှိနေကြတဲ့ အလုပ်သမားတွေကို ငဲ့ညှာပြီးတော့ စာရွက်စာတမ်းတွေထုတ်ပေးဖို့တောင်းဆိုထားတယ်၊၊ ရှေ့ဆက်ပြီး ထိုင်းအစိုးရနဲ့ ပူးပေါင်းဆောင်ရွက်သွားဖို့လည်း ရှိတယ် “ဟု ဒုဝန်ကြီးဦးကျော်နီကပြောသည်။
မြန်မာနိုင်ငံ၏ အာဏာသိမ်းဖြစ်စဥ် အကြပ်အတည်းများကြောင့် မြန်မာအလုပ်သမားအများအပြားသည် ထိုင်းနိုင်ငံသို့ တရားဝင်လမ်းကြောင်းမှသာမက တရားမဝင်လမ်းကြောင်းများမှပါ ဝင်ရောက်နေကြရာ ပြဿနာအမျိုးမျိုးနှင့်ရင်ဆိုင်နေကြရသည်။
ထိုင်းနိုင်ငံတွင် အလုပ်အကိုင်ရှားပါးမှုနှင့်အတူ ပွဲစားများ၏ လိမ်လည်ခြင်း၊ ထိုင်းလုပ်ငန်းရှင်များ၏ ခေါင်းပုံဖြတ်ခြင်း နှင့် အထောက်အထားကတ်မျိုးစုံကို ငွေကြေးများစွာပေး၍ ပြုလုပ်နေရခြင်း စသည့်ပြဿများနှင့်ရင်ဆိုင်နေကြရသည်။
ထို့ပြင် စစ်ကောင်စီ၏ ပတ်စ်ပို့ရုံးများပိတ်ထားခြင်းနှင့် မြန်မာသံရုံး၏ အလုပ်သမားအရေးဆောင်ရွက်ပေးမှုအားနည်းခြင်းတို့ကြောင့် နှစ်နိုင်ငံအသိအမှတ်ပြု MOU အလုပ်သမားများပင် အလုပ်မရှိ၊ အလုပ်မရသည့်ပြဿနာများနှင့်ကြုံနေကြရပြီး NUG အပါအဝင် AACကဲ့သို့သော အဖွဲ့အစည်းများက ကူညီဖြေရှင်းပေးနေကြရသည်။