BPLA တပ်တော်မှာ ဖဒိုမန်းရှာလာဖန်း ခန်းမဆောင်ဖွင့်
****************
ဖေဖော်ဝါရီ ၂၀၊ ၂၀၂၃။
ကရင်ပြည်နယ်ရှိ KNU ထိန်းချုပ်ရာ တပ်မဟာ ၅ အခြေစိုက် ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်-BPLA က ဖဒိုမန်းရှာလာဖန်းအမည်ဖြင့် တပ်တော်၏ ပထမဦးဆုံး ပင်မခန်းမဆောင်ကို ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင် ဖွင့်လှစ်ခဲ့သည်။
တပ်တော်၏ ပထမဦးဆုံး ပင်မခန်းမဆောင်ဖြစ်ပြီး လေးစားအတုယူ ဖွယ်ခေါင်းဆောင်ဖြစ်ခြင်းကြောင့် အသိအမှတ်ပြု ဆောင်ရွက်ရခြင်းဖြစ်သည်ဟု BPLA တာဝန်ခံ မောင်ဆောင်းခက ပြောသည်။
၎င်းက “ အဲ့ဒီခန်းမက ကရင်မြေပေါ်မှာ ကရင်ပြည်က သစ်နဲ့ဆောက်ထားတာဖြစ်တယ်။ ဖဒိုမန်းရှာဆိုတာ ကရင်တွေထဲမှာ တကယ့်ကို လေးစားအတုယူစရာ ခေါင်းဆောင်ကောင်းတစ်ဦးဖြစ်တယ်။ တပ်အပေါ်ထားတဲ့ ကရင်တွေရဲ့ ကျေးဇူးကိုလည်း အလေးအနက်အသိအမှတ်ပြုရာရောက်တယ်။ အဲ့ဒီအချက်တွေကြောင့် ခန်းမကို ဒီနာမည်ပဲ ပေးလိုက်တာပါ ” ဟု ပြောသည်။
ဖဒိုမန်းရှာလာဖန်းမှာ ကရင်အသိုင်းအဝိုင်း၌သာမက အခြားနိုင်ငံရေးမဟာမိတ် အင်အားစုများအပေါ်တွင်ပါ သြဇာရှိခဲ့သူဖြစ်ပြီး တက္ကသိုလ်ကျောင်းသား နိုင်ငံရေးသမားဖြစ်သည်။
၂၀၀၈ ခုနှစ်၊ ဖေဖော်ဝါရီ ၁၄ ရက်နေ့တွင် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ရှိ နေအိမ်တွင် အမည်မသိ သေနတ်သမားနှစ်ဦး၏ လုပ်ကြံမှုကြောင့် အသက် ၆၃ နှစ်အရွယ်တွင် သေနတ်ဒဏ်ရာဖြင့် ကွယ်လွန်ခဲ့ခြင်း ဖြစ်သည်။
ထိုစဉ်က ဖဒိုမန်းရှာလာဖန်းမှာ KNU အထွေထွေအတွင်းရေးမှူးတာဝန် ထမ်းဆောင်နေချိန် ဖြစ်သည်။
BPLA တပ်စခန်းတွင် ယခုကဲ့သို့ ခန်းမတစ်ခုကို အခိုင်အမာတည်ဆောက်မှုမှာ ပထမဆုံး အကြိမ်ဖြစ်သည်ဟု BPLA နိုင်ငံရေးမှူး ရိုးအံ့မင်းက ပြောသည်။
“ တစ်နှစ်ကျော်မှသာ သစ်နဲ့အခိုင်အခန့်ဆောက်တဲ့ ခန်းမမျိုးက စလုပ်တာ။ ပုံမှန်က ဝါးနဲ့ပဲဆောက်တယ်။ တပ်က ရဲဘော်တွေစုရုံးတာ၊ စာသင်ခန်းနဲ့ အထိန်းအမှတ်နေ့တွေအတွက် အသုံးပြုဖို့ဆောက်တာဖြစ်တယ်။ အရင်ကဆို အခမ်းအနားတွေကို လေ့ကျင့်ရေးကွင်းမှာပဲ လုပ်ကြတယ် ” ဟု ၎င်းက ဆိုသည်။
ဖဒိုမန်းရှာလာဖန်းခန်းမဖွင့်ပွဲအား BPLA ၁၀၇ စစ်ဒေသစခန်းမှူးနှင့်တကွ တာဝန်ရှိသူများက အဖွင့်အမှာစကားပြောကြားပြီး ရဲဘော် အင်အား ၁၀၀ ကျော်ခန့် တက်ရောက်ခဲ့ကြသည်။
ပုံစာ – ဖဒိုမန်းရှာလာဖန်းခန်းမအတွင်းက BPLAတပ်ဖွဲ့ဝင်များမြင်ကွင်း။
Photo – BPLA