စစ်ကောင်စီလက်ချက်ဖြင့် အရပ်သားပြည်သူသေဆုံးမှု ၃၀၀၀ဦးထိ ရှိလာ
**************
ဖေဖော်ဝါရီ ၁၈၊ ၂၀၂၃။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းချိန်မှစ၍ လက်ရှိအချိန်အထိ စစ်ကောင်စီကြောင့် အရပ်သားပြည်သူ ၃၀၀၀ ဦး သေဆုံးခဲ့ရသည်ဟု AAPP ၏ထုတ်ပြန်ချက်အရ သိရသည်။
အာဏာသိမ်းမှုကို ဆန့်ကျင်ခဲ့ကြသည့် ဒီမိုကရေစီအရေးလှုပ်ရှားသူများနှင့် ပြည်သူများ၏ နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့ရသည့်အရေအတွက်မှာ ၃၀၀၀ဦး ပြည့်ခဲ့ပြီဖြစ်သည်ဟု နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)က ဖေဖော်ဝါရီ ၁၇ ရက်နေ့က ထုတ်ပြန်ခဲ့သည်။
စစ်အာဏာသိမ်းချိန်မှ ၂၀၂၃ ခုနှစ်ဖေဖော်ဝါရီ ၁၇ ရက်နေ့အထိ ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ ၁၅၈၈၂ ဦးရှိပြီး ၎င်းတို့အနက် ၄၃၉၈ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရသည်။
သေဒဏ်ချမှတ်ခံထားရပြီး အကျဥ်းထောင်များတွင် ထိန်းသိမ်းခံထားရသူ ၁၀၃ ဦးရှိပြီး မျက်ကွယ်သေဒဏ်ချမှတ်ခံထားရသူ ၄၁ဦးရှိနေသောကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၁၄၄ ဦးရှိလာပြီဖြစ်သည်ဟု AAPPက ဆိုသည်။
ဒီမိုကရေစီအရေးလှုပ်ရှားသူ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်ဖြစ်သူ ကိုဂျင်မီ၊ အမျိူးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်ဟောင်းဖြစ်သူ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နှင့် ကိုအောင်သူရဇော်တို့ လေးဦးကို စစ်ကောင်စီက ၂၀၂၂ခုနှစ် ဇူလိုင်၂၄ ရက်တွင် ကြိုးမိန့်ပေး သေဒဏ်ပေးခဲ့သည်။