နွေဦးတော်လှန်ရေးတွင် ပါဝင်နေသည့် လူငယ်များကို ဝိုင်းဝန်းကူညီရန် ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း
***********************************************
သံလွက်ခက်။
ဖေဖော်ဝါရီ ၁၈၊ ၂၀၂၃။
နွေဦးတော်လှန်းရေးတွင် ပါဝင်နေသည့် လူငယ်များကို တတ်နိုင်သည့်ဘက်က ဝိုင်းဝန်းကူညီကြရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပြောဆိုခဲ့သည်ဟု သိရသည်။
ဒေါ်အောင်ဆန်းစုကြည်က ရုံးထုတ်ချိန်တစ်ခုတွင် ယခုကဲ့သို့ တိုက်တွန်းပြောဆိုခဲ့ခြင်း ဖြစ်သည်ဟု အမှုအတူရင်ဆိုင်ခဲ့ရပြီး မကြာသေးခင်က ပြန်လည်လွတ်မြောက်လာသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော် ကိုယ်စားလှယ်တစ်ဦးက ပြောသည်။
၎င်းက “ နွေဦးတော်လှန်ရေးမှာ ပါဝင်တဲ့ လူငယ်တွေ ။Generation Zတွေကို လေးစားတယ်။ သူတို့ကို တတ်နိုင်တဲ့ဘက်က ဝိုင်းဝန်းကူညီပေးကြပါ။ အပြစ်မမြင်ပါနဲ့ ၊ဒါ့ကြောင့် အပြုသဘောဆောင်တဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ပူးပေါင်းဆောင်ရွက်ကြပါ။ ဒီလိုမျိုးမှတ်ချက်ပြုတာရှိပါတယ် ” ဟု ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် တရားရုံးတွင် လေးကြိမ်ခန့် တွေ့ရှိခဲ့ရပြီး လုံခြုံရေးကို အထူးတင်းကြပ်ထားသည်ဟု ၎င်းက ဆက်ပြောသည်။
စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ကို အမှုပေါင်း ၁၉ မှုအတွက် ထောင်ဒဏ် ၃၃ နှစ်ချမှတ်ထားသည်။
ယင်းကဲ့သို့ပင် စစ်အာဏာရှင်ကို တွန်းလှန်နေသည့် ပြည်သူများ၏ လုပ်ဆောင်မှုကို ဒေါ်အောင်ဆန်းစုကြည်က ဂုဏ်ယူနေသည်ဟု ဒေါ်အောင်ဆန်းစုကြည်၏ စီးပွားရေး အကြံပေးဟောင်း မစ္စတာ ရှောင်တာနဲလ်က ပြန်လည်လွတ်မြောက်လာပြီးနောက် Frontier သတင်းဌာနကို ပြောဆိုထားသည်။
မစ္စတာ ရှောင်တာနဲလ်က “ လက်နက်ကိုင် ရုန်းကန်မှုတွေနဲ့ ပတ်သက်လို့တော့ သိသာမြင်သာတဲ့ (လုံခြုံရေး) အကြောင်းရင်းတွေကြောင့် ကျွန်တော် သူ့သဘောထားကို လုံးဝ မမေးခဲ့ပါဘူး။ ဒါကြောင့် သူရော သဘောထား ပြောင်းလဲသွားပြီလား (အကြမ်းမဖက် မူဝါဒ) ဆိုတာကို ကျွန်တော် မပြောနိုင်ဘူးပေါ့။ သေချာတာကတော့ ပြည်သူတွေ တွန်းလှန်နေပုံကို သူတကယ့်ကို ဂုဏ်ယူနေတယ် ဆိုတာပါပဲ ” ဟု ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်ပြောဆိုသည့် သဘောထားနှင့် ပတ်သတ်၍ လူငယ်တစ်ဦးက ” အဓိကကတော့ ဒေါ်အောင်ဆန်းစုကြည် လူငယ်တွေကို ဒီလိုနားလည်နိုင်တာ ကြိုဆိုရမှာပါ။ နောက်တစ်ခုကတော့ အခုတော်လှန်ရေးမှာပါဝင်နေသူတွေက လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်၊ အဖွဲ့အစည်းတစ်ခုအတွက် ဆောင်ရွက်တာမဟုတ်တဲ့အတွက် ဘယ်သူ့တိုက်တွန်းချက်၊ တားမြစ်ချက်က အရမ်းကြီး သက်ရောက်မှာတော့ မဟုတ်ဘူး။ လူငယ်တွေက သူတို့ ယုံကြည်တာကို ရောက်အောင်သွားမှာ ” ဟု ပြောသည်။
မြန်မာနိုင်ငံတွင် အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက် စစ်တပ်ကို တခဲနက် ဆန့်ကျင်ရန် ဒေါ်အောင်ဆန်းစုကြည်၏ ပန်ကြားချက်ကို ဦးဝင်းထိန်က အသက်နှင့် ရင်း၍ ထုတ်ပြန်သဖြင့် လက်နက်ကိုင် တော်လှန်ရေး ဖြစ်ပေါ်လာခြင်းဖြစ်သည်ဟု စစ်ကောင်စီ ခေါင်းဆောင်ကလည်း ပြောဆိုခဲ့သည်။
၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့ ကျင်းပခဲ့သည် စစ်ကောင်စီ၏ ကာ/လုံအစည်း အဝေးတွင် စစ်ကောင်စီခေါင်းဆောင်က ယင်းကဲ့သို့ ပြောဆိုထားခြင်းဖြစ်သည်။
စစ်ကောင်စီက အာဏာသိမ်းကာလကို ၆ လသက်တမ်း ထပ်မံတိုးခဲ့ပြီးနောက် မြို့နယ် ၃၇ မြို့နယ်ကို ထိန်းချုပ်ရန် အခက်အခဲရှိနေသည့်အတွက် စစ်အုပ်ချုပ်ရေး မာရှယ်လော အာဏာကျင့်သုံးရန် ဖေဖော်ဝါရီ ၂ ရက်က ထုတ်ပြန်ကြေညာထားသည်။
အာဏာသိမ်း ၂ နှစ်ကျော်အကြာတွင် စစ်အာဏာရှင်ကို ခုခံတော်လှန်နေသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်းကျော် ၃၀၀ ကျော်တွင် အလွှာပေါင်းစုံမှ လူငယ်များ တာဝန်ထမ်းဆောင်နေသည်။
ပုံစာ -၂၀၁၅ ခုနှစ်က အမျိုးသားပညာရေးဥပဒေရေးဆွဲရေးနှင့်ပတ်သတ်၍ ဒေါ်အောင်ဆန်းစုကြည်နှင့် သမဂ္ဂအဖွဲ့ဝင်လူငယ်များတွေ့ဆုံဆွေးနွေးမှုမြင်ကွင်း။
Photo – NLD