စစ်ကောင်စီတပ် စစ်ကြောင်းထိုးမှုကြောင့် မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်အတွင်းရှိ ကျေးရွာ ၁၀ ရွာကျော်မှ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ဒေသခံများထံက သိရသည်။
ဖေဖော်ဝါရီ ၁၃ ရက်မှစပြီး ပခုက္ကူမြို့နယ်ဘက်မှ ထွက်ခွာသည့် စစ်ကောင်စီတပ်သည် စစ်ကြောင်း ၂ကြောင်းခွဲကာ ဆိပ်ဖြူမြို့နယ် မြောက်ပိုင်း ကျေးရွာများကို စစ်ကြောင်းထိုး ဝင်ရောက်နေခြင်းဖြစ်သည်ဟု ဒေသခံအမျိုးသားတစ်ဦးက သံလွင်ခက်သတင်းဌာနကို ပြောသည်။
၎င်းက ” စစ်ကြောင်းထိုးလာတာတော့ ပြေးရတာပေါ့။ မနက်အစောကြီး သူတို့က လက်နက်ကြီးတွေနဲ့ ပစ်တာ၊တခြားသူတွေကိုလည်း မကူညီနိုင်ဘူး ။ ကိုယ်အသက်ကိုတောင် လုပြေးရတာဆိုတော့ ” ဟု ဆိုသည်။
ထို့ပြင် ဖေဖော်ဝါရီ ၁၃ ရက်တွင် ဆိပ်ဖြူမြို့နယ်သို့ ထွက်ခွာလာသည့် စစ်ကြောင်းသည် အင်းကန် နှင့် ညောင်ဂွေးဝကျေးရွာများကို ဝင်ရောက်ပြီးနောက် ဆိပ်ဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ဗိုလ်မထားတပ်ဖွဲ့)၏ စခန်းငယ်တစ်ခုကိုလည်း ဝင်ရောက်စီးနင်မှုများ လုပ်ဆောင်ခဲ့သည်။
စစ်ကြောင်းနှစ်ကြောင်းခွဲကာ စခန်းကို ဝင်ရောက်စီနင်းခဲ့ခြင်းဖြစ်သည်ဟု ဆိပ်ဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ဗိုလ်မထားတပ်ဖွဲ့)၏ သတင်းနှင့် ပြန်ကြားရေးအဖွဲ့ဝင်တစ်ဦးက သံလွင်ခက်ကိုပြောသည်။
၎င်းက ” သူတို့က လက်နက်ကြီးနဲ့ပစ်ဝင်တယ်။ ပြီးတော့ စခန်းကို ဝိုင်းတယ်။ သူတို့က အင်အား ၂၀၀လောက်ရှိတော့ စစ်ကြောင်းကို နှစ်ကြောင်းခွဲပြီး တစ်ဘက်မှာ အယောင်ပြပြီး ထင်မထားတဲ့ဘက်ကနေ ပတ်ဝင်တာ ” ဟုဆိုသည်။
ယောချောင်း၏ အနောက်ဘက် ဆိပ်ဖြူမြို့နယ်ထဲရှိ စစ်ကြောင်းသည် ယနေ့ နံနက်ပိုင်းတွင် ယောချောင်း၏အနောက်ဘက် ပခုက္ကူမြို့နယ်ထဲရှိ စစ်ကြောင်းနှင့် ရှားဒူးကျေးရွာတွင် ပူးပေါင်းခဲ့သည်။
ဒေသခံတစ်ဦးက ” ဒီနေ့မနက်မှာ ဆိပ်ဖြူဘက်က စစ်ကြောင်းက ပခုက္ကူဘက်က စစ်ကြောင်းနဲ့ ရှားဒူးရွာမှာ ဒီနေ့နေ့လည်ပိုင်းမှာ ပေါင်းသွား တယ်။ အခု တောင်ပလူရွာထဲမှာ ရောက်နေတယ် “ဟုဆိုသည်။
စစ်ကြောင်းထိုးမှုကြောင့် ဆိပ်ဖြူမြို့နယ် မြောက်ပိုင်း ကျေးရွာများဖြစ်သည့် လယ်သာဝ၊ ကင်မွန်းတောင့် ၊သဖန်းတောင့် ၊ အင်းကန်၊ ညောင်ဂွေးဝ၊ ကျားပေ၊ ကျားကွဲ၊ ဘဲကျ၊ အနောက်ကမ်းဖြူ၊ သံပုရာပင်၊ ဆားလောင့်စသည့် ကျေးရွာများမှ ဒေသခံများသည် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။
ယနေ့တွင် စစ်ကြောင်းများ ဆိပ်ဖြူမြို့နယ်မှ ပခုက္ကူမြို့နယ်အတွင်းသို့ ပြန်လည် ထွက်ခွာသွားသော်လည်း နေရပ်မပြန်ရဲသေးဟု စစ်ဘေးတိမ်းရှောင်နေရသည့် ဒေသခံများက ပြောသည်။
စစ်ဘေးတိမ်းရှောင်နေရသည့် ဒေသခံတစ်ဦးက ” သူတို့က ယောချောင်းကို ကူးပြီးတော့ ဆိပ်ဖြူမြို့နယ်နဲ့ ပခုက္ကူမြို့နယ်ကို အချိန်မရွေးသွားလာနိုင်တယ်၊ ရွာကို လုံးဝ ပြန်လို့ မရသေးဘူး “ဟုဆိုသည်။
စစ်ကြောင်းများ ထိုးလာသည့်အခါ ဒေသခံများအနေဖြင့် တိမ်းရှောင်နိုင်ရန် သတင်း၊ အချက်ကောင်းမွန်စွာ မရရှိသည့်အတွက် တိမ်းရှောင်သည့်အခါ အခက်ခဲများစွာ ကြုံတွေ့နေရသည်ဟု ဆိုသည်။
ထို့ကြောင့် တာဝန်ရှိသူများအနေဖြင့် စစ်ကြောင်းများ ဝင်ရောက်လာသည့်အခါ ဒေသခံများ တိမ်းရှောင်နိုင်ရေးကြိုတင်ပြင်ဆင်ထားရန် ဒေသခံတစ်ဦးက အကြံပြုပြောဆိုသည်။
၎င်းက ” ဒါလေးကို တာဝန်ရှိသူတွေအနေနဲ့ စစ်ကြောင်းတစ်ခါလာတယ် လာလိုက်တဲ့အခါမှာ အားနည်းချက် အားသာချက်တွေ အစည်းဝေးတိုင်ပင်ပြီး နောက်တစ်ခါ စစ်ကြောင်းလာရင် ဘယ်လိုလုပ်မယ် ဘယ်လိုရှောင်မယ် အဲ့လိုမျိုးဆို ကြိုစဉ်းစားရင် ပိုအဆင်ပြေမယ်ထင်တယ် ” ဟုဆိုသည်။
ပြည်သူများအနေဖြင့် သတင်းများကို စိစစ်နားထောင်ရန်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များမှ ပေးပို့သည့်သတင်းများကိုသာ ယုံကြည်ပေးရန် ကာကွယ်ရေးတပ်ဖွဲ့ဝင်များက မေတ္တာရပ်ခံ ထားကြသည်။
ပုံစာ – ထွက်ပြေးတိမ်းရှောင်နေရသည့် ဆိပ်ဖြူမြို့နယ် မြောက်ပိုင်း ကျေးရွာများမှ ဒေသခံပြည်သူများ။
Photo – We love Seik phyu group