တိုက်လေယာဥ် ၃ စီးဖြင့် ဗုံးကြဲချမှုကြောင့် စာသင်ကျောင်း ၇ လုံးနှင့် နေအိမ်အဆောက်အဦးများ မီးလောင်ပျက်စီး
*****************************
ဖေဖော်ဝါရီ ၁၇၊ ၂၀၂၃။
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်အတွင်းရှိ ကျေးရွာများအတွင်းသို့ စစ်ကောင်စီတပ်က တိုက်လေယာဥ် ၃ စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် စာသင်ကျောင်း ၇ ကျောင်းနှင့် နေအိမ်အဆောက်အဦးများ ထိခိုက်ပျက်စီးခဲ့သည်ဟု ယနေ့တွင် ကေအဲန်ယူတပ်မဟာ ၅ မူတြော်သတင်းက ဖော်ပြထားသည်။
ပြီးခဲ့သည့်နှစ်ရက် ဖေဖော်ဝါရီ ၁၅ ရက်၊ ည၁၁း၃၀ နာရီအချိန်တွင် စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ် ၃ စင်းဖြင့် မူတြော်ခရိုင်၊ ပေးကေးဒဲကျေးရွာအုပ်စုအတွင်းရှိ ထော့ထီးပယ်ကျေးရွာအတွင်းသို့ ဗုံးသီး ၆ လုံးလာရောက် ကြဲချတိုက်ခိုက်ခဲ့သည်။
အဆိုပါဗုံးကြဲချမှုကြောင့် စာသင်ကျောင်း၇လုံး၊ လူသူမဲ့အဆောက်အဦး၆လုံး၊ ဈေးဆိုင်၃ ဆိုင်နှင့် စပါးကျီ၂လုံးအားထိမှန်ကာ မီးလောင်ပျက်စီးခဲ့သည်။ ထို့ပြင် လယ်ထွန်စက်၄လုံး၊ ဆိုင်ကယ်၂စီး၊ အင်တာနက်ဝိုင်ဖိုင်စလောင်တစ်ချပ်နှင့် ဆန်စက်တစ်လုံး စုစုပေါင်းကာလတန်ဘိုး ကျပ်သိန်းတစ်ထောင်(၁၀၀,၀၀၀,၀၀၀)ကျော် ဆုံးရှုံးခဲ့သည်။
အလားတူ ဖေဖေါ်ရီလ ၁၄ ရက်၊ ည ၁၀း၀၀ နာရီအချိန်တွင်လည်း စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်၃စင်းဖြင့် ဒေဘုနိုကျေးရွာအတွင်းသို့ ဗုံးသီး ၆ လုံးလာရောက်ကြဲချရာ၌ လူသူမဲ့အဆောက်အဦး ၆ လုံးအားထိမှန်၍ မီးလောင်ပျက်စီးသွားခဲ့သည်။
မီးလောင်ပျက်စီးသွားသည့် အိမ်ရှင်စောရယ်ဖိုးမှ “ အကြမ်းဖက်စစ်ကောင်စီက အပြစ်မဲ့ပြည်သူတွေရဲ့အိမ်ယာအဆောက်အဦးသာမကပဲ စားနပ်ရိက္ခာများသိုလှောင်ရာအဆောက်အဦးပါမကျန် ပစ်မှတ်ထားတိုက်ခိုက်နေတော့ ကျွန်တော်တိုပြည်သူများမှာလည်းထိပ်လန့်ကြောက်ရွံ့နေရပြီး နေ့တဓူဝလုပ်ငန်းကိုပါ အနှောင့်အယှက် အဟန့်အတားဖြစ်ရတယ်ပေါ့နော် “ဟု ညည်းတွား ပြောဆိုသည်။
စစ်ကောင်စီတပ်၏ အပြစ်မဲ့ပြည်များအပေါ် ရည်ရွယ်ချက်ရှိရှိတိုက်ခိုက်နေမှုသည် နိုင်ငံတကာမှ အသိအမှတ်ပြု လိုက်နာစောင့်ထိန်းလျက်ရှိသည့် လူအခွင့်အရေးဆိုင်ရာ စည်းမျည်းများကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေခြင်း ဖြစ်သည်ဟု မူတြော်သတင်းက ဖော်ပြထားသည်။
ကေအဲန်ယူတပ်မဟာ ၅ မူတြော်ခရိုင်(ဖာပွန်ခရိုင်)အတွင်းရှိကျေးရွာများကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုများအားဆက်တိုက် ပြုလုပ်နေရာ ပြီးခဲ့သောဇန်နဝါရီလတွင် လေကြောင်းမှ ၂၄ ကြိမ်လာရောက်တိုက်ခိုက်ခဲ့ရာ၌ ဗုံးသီး ၁၅၄ လုံးကြဲခဲ့ပြီး အပြစ်မဲ့ပြည်သူ ၁၄ ဦးသေဆုံး၍ ၁၁ ဦးဒဏ်ရာရရှိခဲ့သည်။