နယ်မြေလုံခြုံရေးစိတ်ချရသည့် အခြေအနေမှ နေရပ်ပြန်ရေး ကမ်းလှမ်းမှု လက်ခံမည်
****************************************
ဖေဖော်ဝါရီ ၇၊ ၂၀၂၃။
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ပေါ်တွင် စစ်ဘေးတိမ်းရှောင်နေရသည့် ဒေသခံများအနေဖြင့် နယ်မြေလုံခြုံရေး စိတ်ချရသည့် အခြေအနေမှ နေရပ်ပြန်ရေး ကမ်းလှမ်းမှုကို လက်ခံမည်ဟု စစ်ရှောင်ပြည်သူများက သံလွင်ခက်ကို ပြောသည်။
ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် နိုဝင်ဘာလတွင် စစ်ကောင်စီလက်အောက်ခံ နယ်စပ်ရေးရာဝန်ကြီး၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးအပါအဝင် မြို့နယ်ဦးစီးမှူးက မြစ်ကြီးနားမြို့ပေါ်ရှိ စစ်ရှောင်စခန်းတာဝန်ခံများကို ခေါ်ယူတွေ့ဆုံခဲ့သည်။
မြစ်ကြီးနားမြို့ပေါ်ရှိ စစ်ရှောင်စခန်းများကို ယခုနှစ် မတ်လအပြီး ဖျက်သိမ်းရန်နှင့် စစ်ရှောင်များ နေရပ်ပြန်နိုင်ရန် စီစဉ်ဆောင်ရွက်နေကြောင်း ပြောခဲ့သည်ဟု စစ်ရှောင်စခန်းတာဝန်ခံများက ဆိုသည်။
၂၀၁၉ ခုနှစ်တည်းကပင် စစ်ရှောင်စခန်းတာဝန်ခံက စစ်ရှောင်ပြည်သူများ လုံခြုံစိတ်ချစွာ နေရပ်ပြန်နိုင်ရေးအတွက် သက်ဆိုင်ရာ အစိုးရဖွဲ့ထံသို့ အစီရင်ခံတင်ပြမှုများ လုပ်ဆောင်ခဲ့ကြသည်။
ယခင် အစီရင်ခံ တင်ပြထားသည့်ထဲမှ အရာများကို အကောင်အထည်ဖော်ဆောင်ရွက်ပေးမည်ဆိုပါက နေရပ်ပြန်ရန်အဆင်သင့်ဟု မြစ်ကြီးနားမြို့ပေါ်ရှိ စစ်ရှောင်စခန်းတစ်ခုမှ တာဝန်ခံတစ်ဦးက ဆိုသည်။
၎င်းက ” နယ်မြေ လုံခြုံရေး သေချာပြီဟေ့ဆိုရင် လက်ခံသင့်အပိုင်း လက်ခံရမှာပဲ။ သို့သော်လည်း နယ်မြေလုံခြုံရေးက စိတ်မချရသေးဘူး ဆိုရင် သူတို့ဘက်က ဘယ်လိုပဲ ပြောပြော လက်ခံလို့ရမယ့် အပိုင်းဆိုရင် လက်ခံရမယ်။ လက်ခံလို့ မရတဲ့ အပိုင်းကိုကျတော့ ဟုတ်ကဲ့ ဆိုပြီး လက်ခံလို့ မရဘူးလေ ” ဟုဆိုသည်။
မြစ်ကြီးနားမြို့ပေါ်ရှိ စစ်ရှောင်စခန်းများကို ယခင်က အစိုးရ၊ ပြည်တွင်းပြည်ပ အဖွဲ့အစည်းများနှင့် အလှူရှင်များမှ ပုံမှန် ကူညီထောက်ပံ့ခဲ့ကြပြီး ယခုအခါ ထောက်ပံ့မှုများ မရရှိသည်မှာ ၂ နှစ်နီးပါး ရှိပြီဖြစ်သည်ဟု စခန်းတာဝန်ခံများက ဆိုသည်။
ကူညီထောက်ပံ့မှုများ ရပ်တန့်သွားသည့်အပြင် အလုပ်အကိုင်အခွင့်အလမ်းရှားမှုကြောင့် စစ်ရှောင်ပြည်သူများသည် နေထိုင်စားသောက်ရေးတွင် အခက်ခဲဖြစ်ပေါ်နေကြသည်။
ထို့သို့ အခြေအနေများကြောင့် မိမိနေရပ်ကို ပြန်လည်နေထိုင်လိုသည်ဟု စစ်ရှောင်ပြည်သူတစ်ဦးက ဆိုသည်။
၎င်းက ” စခန်းမှာလည်း ကျွန်တော်တို့ နေဖို့ အရမ်း ခက်ခဲလာတော့ ကိုယ့်ဘာသာကိုယ် ဘယ်လိုဆက်လုပ်သွားမယ်ဆိုတာ ကိုယ်ပိုင်ဆုံးဖြတ်ချက် ဖြစ်သွားတယ်။ NGO/ INGO တွေကလည်း ကူညီတာတွေ မရှိကြတော့ဘူးဆိုတော့ ပြန်တာကလည်း နိုင်ငံရေးကောင်းလို့ စိတ်ချလို့ ပြန်တာတော့ မဟုတ်ဘူး။ ပြန်ရမယ့် ဖိအားတွေက အရမ်းများလာတာဆိုတော့ မပြန်ချင်လည်း ပြန်မယ်ဆိုတဲ့ အစီအစဉ်ပဲ ဖြစ်သွားတယ် ” ဟုဆိုသည်။
စစ်ကောင်စီလက်အောက်ခံအဖွဲ့အစည်းများက စစ်ရှောင်စခန်းများတွင် မိမိဌာနေ မိမိပြန်မည့်သူ၊ မိမိအစီအစဉ်နှင့် ပြန်မည့်သူ၊ အစိုးရ ပြန်လည်နေရာချထားရေးဖြင့် ပြန်မည့်သူ၊ မပြန်မည့်သူ စသည့် ပုံစံလေးမျိုးဖြင့် စာရင်းကောက်ယူများ လုပ်ဆောင်ထားသည်။
စစ်ရှောင်စခန်းများတွင် မပြန်ဘဲ ဆက်လက်နေထိုင်မည့်သူများကို စခန်းတာဝန်ခံများက နေရပ်ပြန်ရေး နားလည်အောင် ပြောဆိုရန် စစ်ကောင်စီက ပြောဆိုထားသည်။
စစ်ကောင်စီက နေရပ်ပြန်သူများကို နေထိုင်စားသောက်ရေးအတွက် ငွေကြေးထောက်ပံ့ပေးမည်ဟု ပြောဆိုထားသော်လည်း မည်မျှကူညီထောက်ပံ့မှုများ ပေးမည်ကို မသိရကြောင်း စစ်ရှောင်ပြည်သူများက ဆိုသည်။
၂၀၁၁ ခုနှစ်တွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် စစ်ကောင်စီတပ်တို့အကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် ဒေသခံများသည် မြစ်ကြီးနားမြို့သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး စစ်ရှောင်စခန်းပေါင်း ၁၅ ခုထက် မနည်းရှိသည်ဟု စစ်ရှောင်ကူညီသူများထံမှ သိရသည်။
ပုံစာ – မြစ်ကြီးနားမြို့ရှိ စစ်ရှောင်စခန်းတစ်ခု မြင်ကွင်း / ( ပုံ – အဟောင်း )
Photo – သံလွင်ခက်