NUG လက်အောက်ခံ ရွှေဘိုခရိုင်တပ်ရင်း၉ ဒုတပ်ရင်းမှူး ပစ်ခတ်ခံရပြီး ကျဆုံး
***************************
ဖေဖော်ဝါရီ ၈၊ ၂၀၂၃ ။
တိုက်ပွဲဗျူဟာဖော်ဆောင်ရန် လက်ထောက်ရဲဘော်တစ်ဦးနှင့်အတူ ဆိုင်ကယ်ဖြင့် နေရာသွားကြည့်ခဲ့သည့် ရွှေဘိုခရိုင်တပ်ရင်းမှူး ကိုဇင်အောင်သည် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှုကိုခံရပြီး ကျဆုံးသွားခဲ့သည်ဟု သိရသည်။
ယခုလ ဖေဖော်ဝါရီ ၆ရက်၊ နံနက် ၁၁နာရီခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီးရေဦးမြို့နယ်တွင်းတစ်နေရာသို့ စစ်ကောင်စီတပ်မှ စစ်ကြောင်းထိုးလာသောကြောင့် တိုက်ပွဲဖော်ဆောင်ရန် နေရာသွားကြည့်စဥ် ပစ်ခတ်ခံရခြင်း ဖြစ်သည်။
“ သူက ကျွန်တော်တို့တပ်ရင်းရဲ့ ဒုတပ်ရင်းမှူးဟုတ်သလို ဗျူဟာမှူးလည်းဟုတ်တယ်ဗျ။ တိုက်ပွဲဖြစ်ဖို့အတွက် ဗျူဟာဆွဲရတယ်။ ရဲဘော်တွေ၊ တပ်စိတ်တွေ နေရာချရတယ်ပေါ့ ။ အဲ့လိုနေရာချဖို့ဆိုပြီး နေရာသွားကြည့်တဲ့အချိန်မှာ စစ်ကြောင်းကလှုပ်လာတဲ့အချိန်နဲ့တွေ့သွားတာ ” ဟု တပ်ရင်း၉ မှရဲဘော်မေနှောင်းက သံလွင်ခက်ကို ပြောသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ လက်နက်ငယ်များဖြင့်ဝိုင်း၍ ပစ်ခတ်ခံလိုက်ရသောကြောင့် ဒုတပ်ရင်းမှူး ကိုဇင်အောင်နှင့် ၎င်း၏လက်ထောက်ရဲဘော်တို့ ကျဆုံးခဲ့ရသည်။ စစ်ကောင်စီတပ်စစ်ကြောင်း ရေဦးမြို့ထဲသို့ ပြန်ဝင်သွားချိန်မှ ၎င်းတို့နှစ်အားသွားရောက်ရှာဖွေခဲ့ရာ ယမန်နေ့တွင် Dead Body အားတွေ့ရှိခဲ့ပြီး ကိုဇင်အောင်တွင် ဦးခေါင်းနှင့်ရင်ဘတ်တို့၌ သေနတ်ဒဏ်ရာများရရှိခဲ့သည်ဟု သိရသည်။
ကိုဇင်အောင်သည် အမျိုးသားညီညွတ်ရေးအစိုး NUG၏ ကာကွယ်ရေးဝန်ကြီးဌာန MOD လက်အောက်ခံ ရွှေဘိုခရိုင်တပ်ရင်း၉တွင် ဒုတိယတပ်ရင်းမှူးအဖြစ် တာဝန်ထမ်းဆောင်နေသည်မှာ ၁၀ လခန့် ရှိပြီးဖြစ်သည်ဟု သိရသည်။
ကျဆုံးသွားခဲ့သော ကိုဇင်အောင်သည် စစ်ကိုင်းတိုင်းဒေသကြီး လူငယ်ရေးရာ ကော်မတီအဖွဲ့ဝင် ရွှေဘိုခရိုင် လူငယ်ကိုယ်စားလှယ်တစ်ဦးဖြစ်ပြီး မြန်မာနိုင်ငံ လူငယ်မူဝါဒ ပေါ်ပေါက်ရေးနှင့် လူငယ်မူဝါဒဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာ စီမံချက် ရေးဆွဲအကောင်အထည်ဖော်ရေး လုပ်ငန်းစဉ်များတွင် တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်ခဲ့သူ ဖြစ်သည်။
ပြည်သူလူထုတစ်ရပ်လုံး ပါဝင်ဆင်နွှဲနေသော နွေဦးတော်လှန်ရေးတွင်လည်း ရွှေဘိုခရိုင် အမှတ် (၉) တပ်ရင်း၏ ဒုတပ်ရင်းမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ကာ ဂုဏ်ရောင်ပြောင်မြောက်စွာ ကျဆုံးခဲ့သဖြင့် နိုင်ငံတစ်ဝှမ်းလုံးရှိ လူငယ်များနှင့် ပြည်သူလူထု အတွက် တန်ဖိုးမဖြတ်နိုင်သော လူ့စွမ်းအားအရင်းအမြစ် ဆုံးရှုံးမှုကြီးပင် ဖြစ်သည်ဟု စစ်ကိုင်းတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီက ဖော်ပြထားသည်။
စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုသစ် ထူထောင်ရေး တိုက်ပွဲတွင် တိုင်းပြည်နှင့် ပြည်သူလူထု ဘဝလွတ်မြောက်ရေးအတွက် ရွပ်ရွပ်ချွံချွံ တာဝန် ထမ်းဆောင်ရင်း ဂုဏ်ရောင်ပြောင်စွာ ကျဆုံးခဲ့သည့် ကိုဇင်အောင် (ခ) ရဲဘော် ဇင်ယော်အား အစဉ်အမြဲ ဦးညွတ် ဂုဏ်ပြုနေမည်ဖြစ်ပြီး အာဇာနည်တစ်ဦးအဖြစ် အစဉ်ထာဝရ သတ်မှတ် ဂုဏ်ပြုသွားမည် ဖြစ်သည်ဟု စစ်ကိုင်းတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီက ထုတ်ပြန်သည်။
ဓာတ်ပုံ – စစ်ကိုင်းတိုင်းဒေသကြီးလူငယ်ရေးရာ ကော်မတီ