လမ်းပေါ်ရောက် ကလေးငယ်များအတွက် ရေချမ်းစင် ပရဟိတ စာသင်ဝိုင်း ပြုလုပ်
*****************
ဖေဖော်ဝါရီ ၈ ၊ ၂၀၂၃။
အကြောင်းအမျိုးမျိုးကြောင့် လမ်းပေါ်တွင် ရောက်ရှိနေသည့် ကလေးငယ်များအတွက် ရေချမ်းစင် ပရဟိတ စာသင်ဝိုင်းကို ရန်ကုန်မြို့တွင် အကောင်ထည်ဖော်နေသည်ဟု စာသင်ဝိုင်း တည်ထောင်သူက ပြောသည်။
ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ် အင်းစိန်ဂုန်းတံတားအောက်တွင် စာသင်ဝိုင်း တည်ထောင်ကာ လမ်းပေါ်ရောက် ကလေးငယ်များကို အခမဲ့ ပညာသင်ကြားပေးနေခြင်း ဖြစ်သည်။
လက်ရှိပညာသင်ကြားသူ ကလေးခြောက်ဦး ရှိပြီး စေတနာ့ဝန်ထမ်းများနှင့် အလှူရှင်များလည်း လိုအပ်သည်ဟု စာသင်ဝိုင်းတည်ထောင်သူက ပြောသည်။
“ ဆရာ၊ ဆရာမ အင်အားလိုတယ်။ ပိုက်ဆံဆိုရင်လည်း အလုံးအရင်းထက် ရေရှည်သွားချင်တာဆိုတော့ တစ်လကို တစ်သောင်းဖြစ်ဖြစ် လစဉ်ကြေးသဘောမျိုး ပါဝင်ကူညီပေးဖို့ ပြောချင်ပါတယ် ” ဟု ၎င်းက ပြောသည်။
ဖေဖော်ဝါရီလ ၅ ရက်နေ့မှ စတင်စာသင်ကြားပေးနေပြီး မွန်းလွဲ ၄ နာရီမှ ၆ နာရီခန့်ထိ တစ်နေ့လျှင် ၂ နာရီခန့် သင်ကြားပေးနေခြင်း ဖြစ်သည်။
လမ်းပေါ်ရောက် ကလေးများ စာရေးတတ်၊ ဖတ်တတ်ရန်နှင့် အလိမ်မခံရစေရန် ရည်ရွယ်သလို အခြားကလေးများနည်းတူ ကျောင်းသားဟူသည့် ခံစားချက်ရစေလိုသည်ဟု တည်ထောင်သူက ပြောသည်။
မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီးနောက် ပဋိပက္ခများကြောင့် နေရပ်စွန့်ခွာကာ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသူ ၁ ဒသမ ၄ သန်းရှိသည်။ ထိုသူများတွင် ကလေးငယ် ငါးသိန်း နှစ်သောင်းပါဝင်သည်ဟု Save The Children ကဆိုသည်။ (Save the Children သည်ကလေးငယ်များ ကျန်းမာ ဘေးကင်းပြီး အကာအကွယ်ရရှိစေရန် ကမ္ဘာအနှံ့တွင် လုပ်ကိုင်နေသာ အဖွဲ့အစည်းဖြစ်သည်)
ထိုနည်းတူ မြန်မာနိုင်ငံ၏ ကလေးသူငယ် ကျောင်းတက်နှုန်းမှာ ၂ နှစ်အတွင်း ၈၀ ရာခိုင်နှုန်းထိ ကျဆင်းသွားသည်ဟု Save The Children က ထုတ်ပြန်ထားသည်။
Photo – ရေချမ်းစင် စာသင်ဝိုင်း။