အရပ်သားပစ်မှတ်များကိုရည်ရွယ်၍လေကြောင်း တိုက်ခိုက်မှုကို တွင်တွင်ကျယ်ကျယ်အသုံးပြုနေသော စစ်ကောင်စီတပ်သည် လေကြောင်းမှ ရိက္ခာပို့စဥ်အတွင်းမှာပင် ကျေးရွာများအတွင်းသို့ ဗုံးသီးများပါကြဲချ၍တိုက်ခိုက်လျက်ရှိနေသည်။
စစ်ကောင်စီတပ်က ရှေ့တန်းစခန်းများသို့ လေယာဥ်ဖြင့် ရိက္ခာပို့ရာတွင် ကျေးရွာများနှင့် လယ်ယာ၊ဥယျာဥ်များအတွင်း ဗုံးသီး ၈လုံးကြဲချ၍ တိုက်ခိုက်ခဲ့သည်ဟု ကေအဲန်ယူ တပ်မဟာ ၅ မူတြော်သတင်းစဥ်က ယမန်နေ့တွင်ဖော်ပြထားသည်။
ကရင်ပြည်နယ်၊ မူတြော်ခရိုင်( ဖာပွန်ခရိုင်) ကေအဲန်ယူတပ်မဟာ ၅ ထိန်းချုပ်နယ်မြေအတွင်းရှိ စစ်ကောင်စီ၏ရှေ့တန်းတပ်စခန်းတစ်ဖြစ်သော ကဟီးကျိုးတပ်စခန်းအတွက် စားနပ်ရိက္ခာများကို ကုန်းကြောင်းဖြင့်သယ်ယူပို့ဆောင်မှု မပြုနိုင်တော့သဖြင့် စစ်ကောင်စီတပ်က လေကြောင်းအားအသုံးပြု၍ ပို့ဆောင်နေရသည်။
ပြီးခဲ့သောရက်ပိုင်း ဇန်နဝါရီလ ၃၁ရက် နံနက် ၁၁နာရီခန့်တွင် ထိုစခန်းအတွက် စားနပ်ရိက္ခာများအားလာရောက်ပို့ဆောင်စဉ် အခြားဂျက်တိုက်လေယာဉ်၂စီးမှ အရပ်သားပြည်သူများနေထိုင်ရာ နားမိုး(ဆောဘွဲဒဲဒေသ)နှင့်လယ်ယာ၊ ဥယဉ်ခြံမြေများအတွင်းသို့ ဗုံးသီး ၄လုံးကြဲချခဲ့သည်။
ထိုနောက် နေ့လည် ၂နာရီခန့်တွင် စစ်ကောင်စီတပ်၏ ရိက္ခာသယ်ယူပို့ဆောင်ရေးလေယာဉ် ၃စီးထပ်မံရောက်ရှိလာပြီး ကဟီးကျိုးစခန်းအတွက် လေယာဥ်တစ်စီးမှ စားနပ်ရိက္ခာများချပေးနေစဥ် ကျန်၂စီးက နားမိုး(ဆောဘွဲဒဲဒေသ)နှင့် ဘောကော်ဒဲဒေသရှိ လယ်ယာ၊ ဥယဉ်ခြံမြေများအတွင်းသို့ ဗုံးသီး ၄လုံးထပ်မံကြဲချခဲ့သည်။
ရိက္ခာပို့စဥ်စစ်ကောင်စီတပ်က ဗုံးသီး ၈လုံးကြဲ၍ တိုက်ခိုက်ခဲ့ရာတွင် ဒေသခံပြည်သူများ သေဆုံးမှုနှင့်ထိခိုက်ဒဏ်ရာရရှိမှုများ မရှိခဲ့ဟု မူတြော်သတင်းစဥ်က ဖော်ပြထားသည်။
အေကဲန်ယူတပ်မဟာ ၅ ထိန်းချုပ်နယ်မြေအတွင်း၌ စစ်ကောင်စီတပ်က အရပ်သားပစ်မှတ်များကို လေကြောင်းမှမကြာခဏ ဗုံးကြဲတိုက်ခိုက်နေရာ ပြီးခဲ့သော ဇန်နဝါရီလအတွင်း၌ အရပ်သားပြည်သူ ၅ ဦးနှင့်အထက်သေဆုံးမှုနှစ်ကြိမ်ရှိခဲ့သည်။
ဇန်နဝါရီလ ၁၂ရက်တွင် မူတြော်ခရိုင်၊ လူသောမြို့နယ်၊ ပေးကေးအုပ်စု လေးဝါးရွာအတွင်းကို စစ်ကောင်စီတပ်ကတိုက်လေယာဥ် ၄စီးဖြင့် ဗုံး ၈ လုံးကြဲချတိုက်ခိုက်ခဲ့ရာ ခရစ်ယာမ်ဓမ္မဆရာများနှင့် ၃နှစ်ခန့်အရွယ် ကလေးငယ်တို့အပါအဝင် ပြည်သူ၅ ဦးသေဆုံးခဲ့သည်။
ထို့ပြင် အခြားပြည်သူ ၅ဦးဒဏ်ရာရရှိခဲ့ပြီး ကျွဲ၊နွားများလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ခရစ်ယာန်ဘုရားကျောင်း၃ကျောင်း၊ စာသင်ကျောင်း၂ ကျောင်းနှင့် နေအိမ် ၂၁ လုံးတို့ထိမှန်ပျက်စီးခဲ့သည်။
ထိုနေ့တစ်ရက်တည်းပင် စစ်ကောင်စီက ဘူးသို့မြို့နယ်ရှိ လာဂေါ်ဒန်းကျေးရွာအတွင်းသို့ တိုက်လေယာဥ်များဖြင့်ဗုံး၆လုံးကြဲချခဲ့ရာ သားမိနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၂လုံး ထိခိုက်ပျက်စီးခဲ့သည်။
အလားတူ ဇန်နဝါရီ ၇ရက်နေ့ တစ်ရက်အတွင်း၌လည်း ဒွဲ့လိုးမြို့နယ်တွင် နေရာ၇ နေရာအား တိုက်လေယာဥ်များဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ရွှေတူးဖော်နေသည့် လုပ်ငန်းရှင်မိသားစုများနှင့် အလုပ်သမားများ စုစုပေါင်း ပြည်သူ၆ဦး သေဆုံးခဲ့သည်။
ပုံစာ–ပြီးခဲ့သော ဇန်နဝါရီလ ၁၂ရက်တွင် တိုက်လေယာဥ်ဖြင့် ဗုံးကြဲမှုကြောင့် လူသောမြို့နယ်တွင် အဆောက်အဦးပျက်စီးခဲ့မှုများ။