ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ စစ်ကောင်စီရွေးကောက်ပွဲကို ဆန့်ကျင်ရန် နိုင်ငံတကာရွေးကောက်ပွဲဆိုင်ရာအဖွဲ့အစည်းများ တိုက်တွန်း
****************************
ဖေဖော်ဝါရီ ၁ ၊ ၂၀၂၃ ။
အာဏာသိမ်းစစ်ကောင်စီကကျင်းပမည့် ရွေးကောက်ပွဲကို ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ အနေဖြင့် ဆန့်ကျင်သွားကြရန် တိုက်တွန်းထားသည့် အဆိုပြုချက်ကို ဇန်နဝါရီလ ၃၁ ရက်တွင် နိုင်ငံတကာရွေးကောက်ပွဲဆိုင်ရာ အဖွဲ့အစည်းက ထုတ်ပြန်ထားသည်။
ထိုတောင်းဆိုချက်တွင် စစ်ကောင်စီ၏ အတုအယောင်ရွေးကောက်ပွဲကို နည်းပညာအထောက်အပံ့ဖြစ်စေ၊ ပစ္စည်းအထောက်အပံ့ဖြစ်စေ၊ ထောက်ခံသောအသွင်ဆောင်သည့် မည်သည့်အရာကိုမဆို စစ်ကောင်စီအား ပေးအပ်ခြင်းမပြုရန် ဖော်ပြထားသည်။
အဆိုပါထုတ်ပြန်ချက်ကို လွတ်လပ်သော ရွေးကောင်ပွဲဆိုင်ရာအာရှကွန်ရက် ANFREL၊ ဒီမိုကရေစီနှင့် ရွေးကောက်ပွဲဆိုင်ရာ အကူညီပေးရေး နိုင်ငံတကာအဖွဲ့အစည်း International lDEA၊အမျိုးသားဒီမိုကရေစီအင်စတီကျု NDIနှင့် နိုင်ငံတကာ ရီပတ်ပလစ်ကန် အင်စတီကျု IRI စသည့်အဖွဲ့စည်းများက ပူးပေါင်းထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
စစ်ကောင်စီ ကျင်းပမည့်ရွေးကောက်ပွဲကို ပြည်သူများကလည်း ဆန့်ကျင်ကန့်ကွက်ကြပြီး စစ်အာဏာာရှင်ကို နည်းလမ်းမျိုးစုံဖြင့် ဆန့်ကျင်သွားမည်ဟု ရတနာပုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ(ရ.တ.က.သ)ပြန်ကြားရေး တာဝန်ခံ ကိုမင်းခန့်ကျော်လင်းက သံလွင်ခက်ကို ပြောသည်။
” ကျနော်တို့ပြည်သူတွေအနေနဲ့ကတော့ ( လုံးဝအုပ်ချုပ်ခွင့်မရစေရ)ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ဒီရွေးကောက်ပွဲကို ပြတ်ပြတ်သားသားဆန့်ကျင်တယ်။ ရွေးကောက်ပွဲတင်မဟုတ်ပဲ စစ်တပ်ပြုတ်ကျရေးကို နည်းလမ်းပေါင်းစုံနဲ့ဆက်ပြီးတွန်းလှန်သွားမှာဖြစ်တယ်။စစ်ကောင်စီအနေနဲ့ သူတို့ရွေးကောက်ပွဲလုပ်လုပ်၊ မလုပ်လုပ် သူတို့က ကျရှုံးပြီးသားဖြစ်တယ်ဆိုတာ သူ့တို့ကိုယ်သူတို့ မှတ်ယူထားဖို့လိုတယ် ” ဟု ၎င်းက ပြောသည်။
ပြည်တွင်းရှိ ဒီမိုကရေစီတော်လှန်ရေးအင်အားစုများနှင့် အဖွဲ့အစည်းက စစ်ကောင်စီရွေးကောင်ပွဲ မဖြစ်မြောက်ရန် နည်လမ်းပေါင်းစုံဖြင့် ဆန့်ကျင်၊ ဟန့်တားနေကြသည့်အပြင် နိုင်ငံတကာအဖွဲ့အစည်းများ အနေဖြင့်လည်း စစ်ကောင်စီ ရွေးကောက်ပွဲကိုဆန့်ကျင်ရန် ထုတ်ပြန်လာသည့်အတွက်လည်း အားရကျေနပ်မိသည်ဟု ကိုမင်းခန့်ကျော်လင်းက ပြောသည်။
အာဏာသိမ်းစစ်ကောင်စီသည် ၂၀၂၃ ခုနှစ်အတွင်း၌ ရွေးကောက်ပွဲကို ကျင်းပရန်နိုင်ရန် ကြိုးစားလျက်ရှိပြီး ရွေးကောက်ပွဲ စနစ်ကိုလည်း အချိုးကျ ကိုယ်စားပြု ပီအာစနစ်ဖြင့် ပြုလုပ်သွားမည်ဟု သိရသည်။
အာဏာသိမ်းမှုဖြစ်စဥ်နှင့် စစ်အုပ်စုအားဆန့်ကျင်ပြီး ၂၀၂၀ ရွေးကောက်ပွဲကို ကာကွယ်ကြသည့်ပြည်သူများအား ရာဇဝတ်သားများအဖြစ် မှတ်ယူလျက် စစ်ကောင်စီက ဖမ်းဆီးဖိနှိပ်မှုများ ရှိနေသည်။
ထို့ပြင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ အရာထမ်း ၂၁ ဦးအား ၂၀၂၀ရွေးကောက်ပွဲတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသည်ဆိုသော အကြောင်းပြချက်ဖြင့် စစ်ကောင်စီက ဖမ်းဆီးထိန်းသိမ်းထားသည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံတွင် ဒီမိုကရေစီရေးလှုပ်ရှားသူများနှင့် အပြစ်မဲ့ပြည်သူ ၂၉၄၀ဦးကို စစ်ကောင်စီ သတ်ဖြတ်ခဲ့ပြီး ပြည်သူ ၁၇၅၇၂ ဦးကိုလည်း ဖမ်းဆီးထားသည်။
ဖမ်းဆီးခံထားရသူများအနက် သေဒဏ်ချမှတ်ခံရသူ ၁၀၁ ဦးရှိပြီး၊ ပြည်သူ ၄၂ ဦးကိုလည်း စစ်ကောင်စီက မျက်ကွယ် သေဒဏ်ချမှတ်ထားခဲ့ရာ ထောင်တွင်း၊ ထောင်ပြင်၌ သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၁၄၃ ဦးရှိသည်ဟု AAPPစာရင်းများအရ သိရသည်။