စစ်ဗိုလ်ချုပ်များကို ပြင်းထန်သည့် အရေးယူမှုများ ဆောင်ရွက်ရန် အီးယူ အသင့်ရှိနေ
*************************
ဂျာမုန်း
ဖေဖော်ဝါရီ ၁ ၊၂၀၂၃။
စစ်အာဏာသိမ်းမှု နောက်ဆက်တွဲ ဒီမိုကရေစီစနစ်ပျက်ပြားမှုနှင့် ဆိုးရွားသည့် လူ့အခွင့်အရေးချိုးဖောက်မှုကို ကျူးလွန်နေသူများ၊ တွန်းအားပေးသူများအပေါ် ပြင်းထန်သည့် အရေးယူမှုများ ဆောင်ရွက်ရန် အသင့်ရှိသည်ဟု ဥရောပသမဂ္ဂက ထုတ်ပြန်လိုက်သည်။
ထို့ပြင် စစ်ကောင်စီ၏ အကြမ်းဖက်မှုများကို အထောက်အပံ့ဖြစ်စေသည့် စစ်လက်နက် ပစ္စည်းများ ရောင်းချခြင်းနှင့် လွှဲပြောင်းခြင်းတို့ကို ရပ်တန့်စေရန်လည်း ကြိုးပမ်းမည်ဟု ဆိုသည်။
စစ်ကောင်စီအနေဖြင့် အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ကို အမြန်ဆုံးအကောင်အထည်ဖော် ဆောင်ရွက်ရန်လည်း မြန်မာစစ်အာဏာသိမ်းမှု ၂ နှစ်ပြည့်အတွက် ဥရောပသမဂ္ဂက ပေးပို့သည့် ကြေညာစာတမ်းတွင် တိုက်တွန်းပြောဆိုထားသည်။
မြန်မာနိုင်ငံ ရင်ဆိုင်ကြုံတွေ့နေရသည့် အကျပ်အတည်းအတွက် ငြိမ်းချမ်းသော အဖြေတစ်ခုရှာဖွေရန် အာဆီယံနှင့် ကုလသမဂ္ဂ၏ ကြိုးပမ်းအားထုတ်မှုများကို ဥရောပသမဂ္ဂက ထောက်ခံပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ မြန်မာ့အရေးဆုံးဖြတ်ချက်ကိုလည်း လက်ခံကြိုဆိုသည်ဟု ဖော်ပြထားသည်။
ဥရောပသမဂ္ဂသည် မြန်မာပြည်သူများနှင့်အတူ အရပ်ဘက်အုပ်ချုပ်ရေးနှင့် ဒီမိုကရေစီရရှိရေး တောင်းဆိုမှုများကို ထောက်ခံပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို ဆက်လက်ပံ့ပိုးပေးမည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
အရပ်သားလူထု၊ တိုင်းရင်းသားနှင့် ဘာသာရေးဆိုင်ရာ အဆောက်အဦးများအပါအဝင် ကလေးသူငယ်များနှင့် လူပုဂ္ဂိုလ်များအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုများကိုလည်း အီးယူက ရှုတ်ချခဲ့သည်။
ဥရောပသမဂ္ဂအနေဖြင့် အာဏာသိမ်းစစ်ခေါင်းဆောင် ဦးဆောင်ဖွဲ့စည်းထားသည့် စစ်ကောင်စီအဖွဲ့ဝင်များ အပါအဝင် လူပုဂ္ဂိုလ် ၁၉ ဦး ကို ၂ဝ၂၂ ခုနှစ် နိုဝင်ဘာ ၈ရက်နေ့တွင် ဒဏ်ခတ်ပိတ်ဆို့ အရေးယူထားသည်။
Photo – CINCDS