စစ်အင်အား ၂၀၀ ခန့်ဖြင့် စစ်ကြောင်းထိုး မီးရှို့နေ
**************
သံလွင်ခက်။
ဇန်နဝါရီ ၃၀၊ ၂၀၂၃။
နှစ်လအတွင်း စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်နှင့် ကျွန်းလှမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်ကြောင်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ယနေ့ ဇန်နဝါရီလ ၃၀ ရက် နံနက် ၆ နာရီ ၃၀ခွဲအချိန်တွင် ကျွန်းလှမြို့နယ်ရှိ ကျေးရွာလေးရွာကို မီးရှို့မှုများ လုပ်ဆောင်နေသည်ဟု ဒေသခံများက သံလွင်ခက်သတင်းဌာနကို ပြောသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပျူစောထီးအဖွဲ့ဝင် အင်အား ၂၀၀ ဝန်းကျင်ရှိသည့် စစ်ကောင်စီ စစ်ကြောင်းသည် ကျွန်းလှမြို့နယ်အတွင်းရှိ တောင်ယာဆိပ်၊ အောင်ရန်ကင်း၊ မြင်သာဦးနှင့် သရက်တော ကျေးရွာရှိ နေအိမ်များကို မီးရှို့နေခြင်းဖြစ်သည်။
ဒေသခံတစ်ဦးက “ ရွာလေးရွာ စုထားတဲ့ အုပ်စုပေါ့နော်။ လောလောဆယ် တော်တော်များများ အကုန်ရှို့သွားပြီ။ အင်အားများတော့ အကုန် ဖြန့်ရှို့လိုက်တဲ့သဘောရှိတယ် ” ဟုဆိုသည်။
ကျေးရွာများအနီးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရှိနေသည့်အတွက် မီးရှို့ခံရသည့် အိမ်ခြေအရေအတွက်ကို အတိကျမသိရှိရသေးဟု ဒေသခံများက ပြောသည်။
အဆိုပါစစ်ကြောင်းသည် ယမန်နေ့ ဇန်နဝါရီ ၂၉ ရက်နေ့တွင် ကန့်ဘလူခရိုင်၊ ပင့်သာတိုက်နယ်၊ ချောင်းကြားရွာကို ဒုတိယအကြိမ် ဝင်ရောက်မီးရှို့ခဲ့သည့် ခြေမြန်တပ်ရင်း – ၃၆၈မှတပ်ဖွဲ့ဝင်များ နှင့် ပျူစောထီးအဖွဲ့ဝင်များ ဖြစ်သည်ဟု ဒေသခံများက ပြောသည်။
တစ်ဆက်တည်းတွင် ကန့်ဘလူခရိုင်၊ ပင့်သာတိုက်နယ်၊ ချောင်းကြားရွာအား (ဇန်နဝါရီ ၂၉ ရက်) ဒုတိယအကြိမ် ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့သည်ဟု ဒေသခံများက ဆိုသည်။
အဆိုပါ စစ်ကြောင်းသည် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ မှ ၂၀၂၃ ခုနှစ် ဇန်နဝါရီ နှစ်လအတွင်း ကန့်ဘလူမြို့နယ်နှင့်ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများကို စစ်ကြောင်းထိုးနေသည့် စစ်ကြောင်းဖြစ်သည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ပြောသည်။
နှစ်လအတွင်း ကန့်ဘလူမြို့နယ်နှင့်ကျွန်းလှမြို့နယ်အတွင်းမှ ရွာပေါင်း ၈ ရွာမှ နေအိမ် ၂၀၀ ကျော်၊ စစ်ရှောင်တဲ ၃၀ ခန့် နှင့် စပါးတင်းထောင်ချီ မီးရှို့ဖျက်ဆီးခဲ့ပြီး ပြည်သူ ၁၃ ဦးလည်း မီးလောင်သေဆုံးခဲ့သည် ဟု ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့က ထုတ်ပြန်ထားသည်။
ဒေသခံကာကွယ်ရေတပ်များအနေဖြင့် လက်နက်အင်အား အကန့်အသတ်ကြောင့် အဆိုပါ စစ်ကြောင်းကို ဟန့်တားနိုင်ရန် ခက်ခဲနေသည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။
၎င်းက “ များသောအားဖြင့် မိုင်းဆွဲတိုက်ခိုက်တဲ့ အနေအထားမျိုးနဲ့ တုံ့ပြန်တော့ အင်အားများလာတဲ့အချိန်မှာ မိုင်းကွင်းကလည်း ကာတဲ့အနေထားမှာ အရမ်းကျယ်လွန်းတယ်။ မြေပြန့်နဲ့ တောင်ကုန်းနဲ့ စပ်နေတဲ့ ဒေသမျိုးဖြစ်နေတာဆိုတော့ မိုင်းအင်အားကလည်း နည်းတယ်၊ နည်းနည်းတော့ ဟန့်တားရ ခက်နေတယ် ” ဟုဆိုသည်။
စစ်ကြောင်းထိုးနေခြင်းကြောင့် ကျွန်းလှမြို့နယ်နှင့် ကန့်ဘလူမြို့နယ်ရှိ ရွာပေါင်း ၁၂ ရွာမှ ပြည်သူတစ်သောင်းကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေး တိမ်းရှောင်နေရပြီး အရေးပေါ်အကူအညီများ လိုအပ်လျက်ရှိသည်ဟုလည်း စစ်ဘေးရှောင်အရေးကူညီသူ အဖွဲ့အစည်းများက ထုတ်ပြန်ထားသည်။
ပုံစာ – မီးလောင်ကျွမ်းနေသည့် ကျွန်းလှမြို့နယ် တောင်ယာဆိပ်ရွာ မြင်ကွင်း။
Photo – ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင်