ဒီပဲယင်းတွင် နေအိမ် ၆၀၀၀ ဝန်းကျင်အထိ မီးရှို့ဖျက်ဆီးခံထားရ
**********************************
Saw Smith
ဇန်နဝါရီ ၂၈ ၊ ၂၀၂၃ ။
တစ်နိုင်ငံလုံးတွင် ကျေးရွာနေအိမ် အများဆုံး မီးရှို့ဖျက်ဆီးခံထားရသည့် ဒီပဲယင်းမြို့နယ်၌ ယခုရက်ပိုင်းအတွင်းလည်း စစ်ကောင်စီတပ်က စစ်ကြောင်းထိုး၍ မီးဆက်တိုက်ရှို့နေသောကြောင့် နေအိမ် ၆၀၀၀ ဝန်းကျင်အထိ မီးလောင်ပျက်စီးခဲ့ပြီဟု သိရသည်။
ယခုလ ၂၃ ရက်တွင် ရေဦးမြို့နယ် ဆည်ကြီး၊ ဇိန့်ဇွန်းကျေးရွာများမှတစ်ဆင့် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်သည် ဒီပဲယင်းအရှေ့ခြမ်း ညောင်လှ၊ ဝဲကြီးကျေးရွာများတစ်ဝိုက် တပ်စွဲပြီးနောက် နေအိမ်များကို ဆက်တိုက်မီးရှို့ခဲ့သည်။
“ အင်အားက ၁၅၀ လောက်ရှိတယ်။ မနေ့ကတစ်ရက်ထဲအုန်းတပင်ရွာကို မီးရှို့ပြီးတော့ တိုင်နက်ရွာကိုမီးရှို့တယ်၊၊ ပြီးတော့ ယဥ်ကျေး၊ မူရိုးကုန်းရွာတွေကို မီးရှို့တယ်။ အခုမနက်ပိုင်းမှာ စစ်ကြောင်းက နများရွာဘက်ကိုတက်သွားတယ် ” ဟု ဒီပဲယင်းမြို့နယ် စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့ တာဝန်ရှိသူက သံလွင်ခက်ကို ယနေ့တွင် ပြောသည်။
ဇန်နဝါရီလ ၂၃ ရက်မှ ယမန်နေ့ ဇန်နဝါရီလ ၂၇ ရက်အထိ စစ်ကောင်စီတပ်စစ်ကြောင်းသည် ဒီပဲယင်းအရှေ့ခြမ်းရွာများဖြစ်သည့် လက်ယက်ကုန်း၊ မူးခံတွင်း၊ ညောင်လှ၊ အောင်ချမ်းသာ၊ သရက်တော၊ ပေါက်ရင်း၊ အုန်းတစ်ပင်၊ မရကန်၊ တိုင်နတ်၊ ယဥ်ကျေးနှင့်မူရိုးကုန်းကျေးရွာများကို ဆက်တိုက်မီးရှို့ခဲ့သည်။
ယခုရက်ပိုင်းအတွင်း မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် ၁၀၀၀ ကျော်အထိ ပျက်စီးခဲ့သည်ဟု ဒေသခံများနှင့် စစ်ဘေးရှောင်ကူညီရေးအဖွဲ့များက ပြောသည်။ ထို့ပြင် ယခုအကြိမ်အပါအဝင် တတိယအကြိမ်မြောက် မီးရှို့ဖျက်ဆီးခံရသည့် အိမ်ခြေ ၁၀၀၀ နီးပါးရှိသော ညောင်လှရွာမှာ ရွာလုံးကျွတ်နီးပါး ပြာကျခဲ့သည်ဟု ဒေသခံတစ်ဦးက ပြောသည်။
” ဒီရက်ပိုင်း မီးရှို့ခံလိုက်ရတာ အိမ်ခြေ ၁၀၀၀ ကျော်လောက်ရှိပြီးဗျ။ မနေ့ကသွားကြည့်တာ ညောင်လှတစ်ရွာထဲ အိမ်ခြေ ၇၀၀ လောက်မီးရှို့ခံလိုက်ရတယ် ” ဟု ဒေသခံတစ်ဦးက သံလွင်ခက်ကို ပြောသည်။
ယခုအကြိမ်မီးရှို့ဖျက်ဆီးခံရမှုတွင် နေအိမ်များစွာ မီးလောင်ပျက်စီးခဲ့သည့်အပြင် လက်ရှိစပါးပေါ်ချိန်၌ ရိတ်သိမ်းစုဆောင်းထားသည့် စပါးများအားလုံး မီးရှို့ဖျက်ဆီးခံလိုက်ရသည်ဟု ၎င်းက ပြောသည်။
” စပါးတွေကိုလည်း အကုန်ရှို့သွားတာ၊ RC တိုက်လိုဟာမျိုးတောင် မည်းနက်နေအောင် ကွာကျနေအောင် ရှို့ထားခဲ့တာဆိုတော့ တော်တော်ဆိုးပါတယ်။ တချို့က စပါးစျေးမရလည်း ကြောက်ပြီးရောင်းထားကြတယ်။ မရောင်းဘဲစုထားတဲ့ သူတွေကအကုန်တာပေါ့ ” ဟု ဒေသခံတစ်ဦးက ပြောသည်။
နေအိမ် ၆၀၀၀ ဝန်းကျင်အထိမီးရှို့ခံထားရ
****************************
စစ်ကောင်စီက အာဏာသိမ်းခဲ့သည့် ၂၀၂၁ ခုနှစ်ဖေဖော်ဝါရီလ ၁ ရက်မှ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်ဒီဇင်ဘာ ၃၁ ရက်အထိ တစ်နိုင်ငံလုံးတွင် နေအိမ်များ မီးရှို့ဖျက်ဆီးခံရသည်စာရင်းအား Data For Myanmar ကထုတ်ပြန်ခဲ့ရာ ဒီပဲယင်းမြို့နယ်က နေအိမ် ၄၄၃၄ လုံးမီးရှို့ခံရပြီး အများဆုံးဖြစ်သည်။
ထို့ပြင် ဒီပဲယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ မီးဘေးသင့်နှင့်စစ်ဘေးရှောင်များကို ကူညီနေသည့် ဒီပဲယင်းညီနောင်များအဖွဲ့တို့က ယခုလ ဇန်နဝါရီလ ၉ ရက်အထိစာရင်းများကို ဖော်ပြခဲ့ရာ နေအိမ် ၄၈၀၀ ကျော် မီးရှို့ခံထားရသည်ဟု သိရသည်။
Data For Myanmar ကထုတ်ပြန်သည့်စာရင်းနှင့် ဒီပဲယင်းမြို့နယ်အတွင်းရှိအဖွဲ့များ၏ဖော်ပြမှု စာရင်းများကို နှိုင်းယှဥ်ကြည့်လျင် ယခုလအစပိုင်း၌ မီးရှို့ဖျက်ဆီးခံရမှုသည် အိမ်ခြေ ၄၀၀ ခန့်ရှိနေသည်။
ဒီပဲယင်းတွင် ယခုရက်ပိုင်းအတွင်း၌လည်း နေအိမ် ၁၀၀၀ ကျော်အထိ မီးရှို့ဖျက်ဆီးခံလိုက်ရသည့်အတွက် လက်ရှိ ဇန်နဝါရီလအတွင်းမှာပင် နေအိမ် ၁၅၀၀ ခန့်မီးရှို့ဖျက်ဆီးခံထားရသည့် အခြေအနေဖြစ်သည်။
“ အခုအရှေ့ခြမ်းကို ဝင်ပြီးမီးရှို့နေတဲ့ စစ်ကြောင်းက ပြီးခဲ့တဲ့ ဒီဇင်ဘာလကတည်းက ဒီပဲယင်းနဲ့ ရေဦးနယ်ထဲမှာ မီးလိုက်ပတ်ရှို့နေတဲ့ စစ်ကြောင်းတွေပဲ ” ဟု ဒီပဲယင်းညီနောင်များအဖွဲ့တာဝန်ရှိသူက သံလွင်ခက်ကို ပြောသည်။
စစ်ကောင်စီ၏ ခမရ ၃၆၄ မော်လိုက်အခြေစိုက်တပ်နှင့် ခလရ ၇၀၁ တပ် နှစ်ခုပေါင်း အင်အား ၁၅၀ နှင့် ၁၈၀ ဦးဝန်းကျင်ရှိ စစ်ကြောင်းက ပြီးခဲ့သည့် ဒီဇင်ဘာလ ၁ ရက်မှစ၍ ယခုလအထိ ဒီပဲယင်းမှ ရေဦး၊ ရေဦးမှ ဒီပဲယင်း စသည်ဖြင့် ကျေးရွာများကို လှည့်ပတ်၍ စစ်ကြောင်းထိုး မီးရှို့လျက်ရှိနေသည်။
ဒီပဲယင်းမြို့နယ်တွင် ပြီးခဲ့သောဒီဇင်ဘာလ ၁ ရက်နေ့မတိုင်ခင်အထိ နေအိမ် ၁၃၀၀ ကျော်သာ မီးရှို့ဖျက်ဆီးခံထားရသော်လည်း ပြီးခဲ့သော ဒီဇင်ဘာလနှင့် ယခုဇန်နဝါရီလတို့၌ ဆက်တိုက်မီးရှို့ခံနေရမှုကြောင့် နေအိမ် ၆၀၀၀ ဝန်းကျင်အထိ ရှိလာခြင်း ဖြစ်သည်။
ကျေးရွာနေအိမ်များကို စစ်ကြောင်းထိုး၍ ဆက်တိုက်မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်နေသော်လည်း ဒေသခံကာကွယ်ရေးတပ်များမှာ မောင်းပြန်လက်နက်မရှိသဖြင့် စစ်ကောင်စီတပ်စစ်ကြောင်းကို ထိပ်တိုက်ရင်ဆိုင်မတိုက်ခိုက်နိုင်ဘဲ မိုင်းဆွဲခြင်းမျိုးသာ ပြုလုပ်နိုင်သည်ဟု BIA ဒီပဲယင်းအဖွဲ့ခေါင်းဆောင် ဂုဏ်သတ္တိက ပြောသည်။
ဒီပဲယင်းတွင် ဒေသခံကာကွယ်ရေးတပ်ဖွဲ့များပင်မက NUG ကာဝယ်ရေးဝန်ကြီးဌာန MOD လက်အောက်ခံ ဒီပဲယင်းတပ်ရင်း (ရွှေဘိုခရိုင် တပ်ရင်း ၁၉၊ ၂၀၊ ၂၁ နှင့် ၂၂ ) ၄ ခုလုံးသည်လည်း မောင်းပြန်များ မရှိကြ၍ မီးရှို့နေသည့် စစ်ကြောင်းများကို ထိရောက်စွာ မတားဆီးနိုင်ကြဟု တပ်ရင်း ၂၁ တာဝန်ခံက ပြောသည်။
ပုံစာ – ယခုရက်ပိုင်းအတွင်း ဒီပဲယင်းအရှေ့ခြမ်း မရကန်ရွာ မီးရှို့ဖျက်ဆီးခံထားရမှုများ။