အင်အား ၁၀၀ ကျော်စစ်ကြောင်း ကသာ၊ နန့်စမ်းကျေးရွာကို မီးတင်ရှို့နေ
*********************************
ဇန်နဝါရီ ၂၈ ၊ ၂၀၂၃ ။
ယနေ့နံနက်အစောပိုင်း ၅နာရီကတည်းက စစ်ကောင်စီတပ်စစ်ကြောင်း မီးရှို့နေမှုကြောင့် နန့်စမ်းရွာ၊ ရွာလုံးကျွတ်ပြာကျနိုင်သည်ဟု ဒေသခံတစ်ဦးက ပြောသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ် နန့်စမ်းကျေးရွာကို အင်အား ၁၀၀ ဦးကျော်ပါသည့်စစ်ကြောင်းစီတပ်စစ်ကြောင်းက လက်နက်ကြီး၊ လက်နင်ငယ်များ ပစ်ခတ်ဝင်ရောက်လာပြီးနောက် နေအိမ်များကိုမီးရှို့နေသည်။
” နန့်စမ်းရွာမီးလောင်နေတာ ကုန်သလောက်ဖြစ်နေပြီ။ အခုချိန်ထိကိုလောင်တုန်းပဲ။ မနက် ၅ နာရီထဲက ရှို့နေကြတာ ” ဟု အသက်၄၀ ကျော်အရွယ်ဒေသခံ အမျိုးသားတစ်ဦးက နံနက် ၉ နာရီခွဲကျော် အချိန်တွင် သံလွင်ခက်ကို ပြောသည်။
အိမ်ခြေ ၃၀၀ ကျော်ရှိသည့် နန့်စမ်းရွာသည် မိုးတားလေးကျေးရွာအုပ်စုနှင့် ၅မိုင်ခန့်ကွာဝေးပြီး မှတ်တိုင်ကျေးရွာမှထွက်လာသော စစ်ကောင်စီတပ်စစ်ကြောင်းက ယမန်နေ့ညနေပိုင်း၌ နန့်စမ်းရွာကို ဝင်ရောက်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါစစ်ကြောင်းသည် ယခုဇန်နဝါရီလ တတိယအပတ်တွင်း၌ မိုးတားလေးကျေးရွာအုပ်စု တိုက်ကုန်းရွာရှိ နေအိမ် ၅၃ လုံးကို မီးရှို့ဖျက်ဆီးခဲ့ပြီးနောက် မှတ်တိုင်ရွာသို့ ထွက်ခွာခဲ့သည်။
မှတ်တိုင်ရွာတွင် ဇန်နဝါရီ ၂၅ ရက်နှင့် ၂၆ ရက်တို့တွင် ဒေသခံကာကွယ်ရေးတပ်များနှင့် ထိတွေ့တိုက်ပွဲတစ်ချို့ ဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီတပ်စစ်ကြောင်းသည် နန့်စမ်းရွာသို့ ဝင်ရောက်ခဲ့ခြင်း ဖြစ်သည်။
ဒေသခံကာကွယ်ရေးတပ်များ၊ KIA နှင့် ကျောင်းသားတပ်မတော်တို့ လှုပ်ရှားရာနယ်မြေဖြစ်သည့် စစ်ကိုင်းတိုင်းအထက်ပိုင်း ကသာမြို့နယ်တွင်ထိတွေ့တိုက်ပွဲများ မကြာခဏဖြစ်ပွားနေရာ ဇန်နဝါရီလ ၁၉ရက်မှ ၂၁ရက်အထိ မိုးတားလေးကျေးရွာအုပ်စုကျေးရွာကို စစ်ကောင်စီက ၃ရက်ဆက်တိုက် တိုက်လေယာဥ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။
လေကြောင်းမှ တိုက်ခိုက်မှုကြောင့် မိုးတားလေးကျေးရွာအုပ်စုမှ ဒေသခံ ၇ဦးသေဆုံးခဲ့ပြီး ဇန်နဝါရီ ၂၆ရက်တွင်လည်း လက်နက်ကြီးပစ်ခတ်မှုမှုကြောင့် ကျောက်ထုံးကြီးရွာမှ ၁၂ နှစ်အရွယ် ကလေးတစ်ဦး သေဆုံးခဲ့သည်။
ကသာမြို့နယ်တွင် စစ်ကောင်စီ၏ ဝေဟင်၊မြေပြင်တို့မှ ထိုးစစ်ဆင်တိုက်ခိုက်နေမှုကြောင့် သေဆုံးနေကြရသည့်အပြင် ထောင်ချီသော ဒေသခံများမှာလည်း တောထဲတွင် ထွက်ပြေးတိမ်းရှောင် နေကြရသည်ဟု သိရသည်။
ထို့ပြင် မိုးတားလေးကျေးရွာအုပ်စုတိုက်ကုန်းရွာမှ နေအိမ်များမီးရှို့ဖျက်ဆီးခံလိုက်ရသည့် မီးဘေးသင့်ပြည်သူ ၄၀၀ ဦးကျော်မှာလည်း ဘုန်းကြီးကျောင်း၌ ခိုလှုံနေကြရပြီး အစားအသောက်၊ စောင်နှင့် အဝတ်အထည်များ အရေးပေါ်လိုအပ်နေသည်ဟု ကသာမြို့ပေါ်မှ ကူညီပေးနေသူတစ်ဦးက ပြောသည်။
ပုံစာ – စစ်ကောင်စီတပ်၏ လေကြောင်းမှတိုက်ခိုက်မှု၊ မီးရှို့မှုတို့ကြောင့် ကသာ၊ မိုးတားလေးကျေးရွာအုပ်စုရှိ ကျေးရွာနေအိမ်များ မီးလောင်၊ ပျက်စီးခဲ့မှုများ။