” သူ့အမေက စျေးဝယ်သွားနေတာ ရွာထဲလက်နက်ကြီးကျတယ်ပြောလို့ အပြေးပြန်သွားတော့ သမီးလေးကိုသေနေတာတွေ့ရပြီး မေ့မျောသွားတာ “
********************************
ဇန်နဝါရီ ၂၇၊ ၂၀၂၃ ။
စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပစ်ခတ်လိုက်သည့် လက်နက်ကြီးထိမှန်ပြီး ကသာမြို့နယ်အတွင်းက အသက် ၁၂ အရွယ်မစန္ဒီလင်း သေဆုံးခဲ့သည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့ပေါ်ရပ်ကွက် ၈ ရှိ ပိန်းနှဲကုန်းအောင်မြေသာစည် ဘုရားဝန်းမှနေ၍ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ယမန်နေ့ ဇန်နဝါရီလ ၂၆ရ က်၊ နေ့လည် ၁၂ နာရီကျော် အချိန်မှစ၍ နေ့လည် ၂ နာရီခွဲဝန်းကျင်းအထိ ကျောက်ထုံးကြီးရွာဘက်ကို လက်နက်ကြီး ၆ လုံးပစ်ခတ်ခဲ့သည်။
” သူတို့(စစ်ကောင်စီတပ်ဖွဲ့ဝင်များ)က အများကြီးမဟုတ်ဘူး။ ကားနဲ့ ၇ ယောက်၊ ၈ယောက်လောက် ပဲလာပြီး တစ်ခါပစ်ရင် အကြာကြီးချိန်ပြီးမှ သေသေချာချာပစ်သွားတာ ” ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်များနှင့် နီးစပ်သူဒေသခံတစ်ဦးက သံလွင်ခက်ကို ပြောသည်။
ကျောက်ထုံးကြီးရွာတွင် တော်လှန်ရေးအင်အားစုများ အစည်းအဝေးရှိသည့် သတင်းကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကသာမြို့ပေါ်မှနေ၍ လက်နက်ကြီး ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက ပြောဆိုသော်လည်း ထိုရွာ၌ တော်လှန်ရေးအင်အားစုများ အစည်းအဝေးရှိ၊ မရှိကို သံလွင်ခက်မှ သီခြားအတည်မပြုနိုင်သေးပေ။
စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကျောက်ထုံးကြီးရွာရှိ ဦးဆန်းလင်း၊ ဒေါ်မျိုးတို့၏နေအိမ်အပေါ် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ၍ နေအိမ်ပေါ်ရှိ ကလေးနှစ်ဦးလုံးထိခိုက်ခဲ့ပြီး တစ်ဦးမှာ နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးခဲ့သည်။
” သူ့အဖေက အလုပ်သွားနေတယ်။ သူ့အမေက ကသာမှာ စျေးဝယ်သွားနေတာ ။ ရွာထဲလက်နက်ကြီးကျတယ် ပြောလို့ ဆိုင်ကယ်နဲ့ အပြေးပြန်သွားတော့ သမီးလေးက သေနေတာတွေ့ရပြီး မေ့မျောသွားတာ။ အခုမနက်ပိုင်းထိ ဆေးသွင်းထားရတယ်။ စကားလည်းမပြောနိုင်ဘူး ” ဟု အသက်၄၀ အရွယ် ဒေသခံအမျိုးသမီးတစ်ဦးက သံလွင်ခက်ကို ပြောသည်။
လက်နက်ကြီး ထိမှန်မှုကြောင့် အသက် ၁၂ အရွယ် မစန္ဒီလင်းသည် ဦးခေါင်းပွင့်ပြီး သေဆုံးသွားခဲ့သည်။ ၎င်း၏ အစ်ကိုဖြစ်သူ အသက်၁၄နှစ်အရွယ် မောင်ဖြိုးသူရလင်းမှာ လက်မောင်းထိမှန်ပြီး လက်တစ်ဖက်လုံး စုတ်ပြတ်သွားသည်။
” လက်နက်ကြီးက ၂ နာရီ ကျော်လောက်မှာကျတာ။ ကျနော်တို့ အိမ်နဲ့က ၃အိမ်ပဲ ကျော်တယ်။ မြေကြီးကလည်းတုန်ပြီးလူတကိုယ်လုံးလည်းနတ်ပူးသလိုတုန်ပြီး ကြက်သေသေသွားတာ။ ခဏနေမှ သတိရပြီး သွားကြည့်တော့ ကလေးမလေးက ဦးနှောက်က ပွင့်သွားတာ။ အဆီတွေ ဖွေးဖွေးကြီး သွေးတွေကလည်းအိုင်လို့ စိတ်မကောင်းလိုက်တာ။ ထမင်းလည်းမစားနိုင်ဘူး သွေးညီနံတွေရနေတာ ” ဟု ဒေသခံတစ်ဦးက ပြောသည်။
လက်နက်ကြီးအိမ်ပေါ်ကျရောက်ခဲ့သည့် မိသားစုတွင် သားသမီး နှစ်ဦးသာရှိပြီး မိဘများမှာ သမီးဖြစ်သူကို ဆုံးရှုံးလိုက်ရသည့်အပြင် သားဖြစ်သူမှာလည်း ပြင်းထန်ဒဏ်ရာဖြင့် ဆေးကုသမှု ခံယူနေရသည်။
ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များ၊ KIA တပ်များနှင့် ကျောင်းသားတပ်မတော်တို့ ရှိနေသည့် စစ်ကိုင်းတိုင်းအထက်ပိုင်း ကသာမြို့နယ်တွင် ထိတွေ့တိုက်ပွဲများ မကြာခဏ ဖြစ်ပွားနေသည်။
ယခုလ ဇန်နဝါရီလ တတိယအပတ်တွင်း၌လည်း မိုးတာလေးကျေးရွာနှင့် နှစ်မိုင်ကျော်ကွာဝေးသည့် တောစပ်တစ်နေရာ၌ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က မိုးတာလေးကျေးရွာအုပ်စုရှိ ကျေးရွာများကို သုံးရက်ဆက်တိုက် ဗုံးကြဲ၊ ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် ဒေသခံ ၇ ဦးသေဆုံး၍ ၃၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
လေကြောင်းမှဗုံးကြဲပစ်ခတ် တိုက်ခိုက်မှုနှင့် စစ်ကောင်စီတပ်စစ်ကြောင်း မီးရှို့ဖျက်ဆီးမှုများကြောင့် မိုးတားလေး တပ်ကုန်းရပ်ကွက်ရှိ နေအိမ် ၅၀ ကျော် ပျက်စီးခဲ့ရသည်။
” ကျွန်တော်တို့တပ်ကုန်းက လေယာဥ်လာပစ်တာမှာ သေဆုံးမှုမရှိပေမယ့် ထိခိုက်ပျက်စီးတာများတယ်။ နောက် မီးရှို့ဖျက်ဆီးခံရတော့ အိမ်ခြေ ၅၀ ကျော်လောက်ပြကျကုန်တယ်။ ကျွန်တော်တို့ဆို ပြန်နေစရာရှိတော့ ဘုန်းကြီးကျောင်းမှာပဲနေနေရတယ်။ ပြန်ယူစရာပစ္စည်းတွေလည်း ဘာမှမကျန်တော့ဘူး ” ဟု နေအိမ်မီးရှို့ခံလိုက်ရသည့် တပ်ကုန်းဒေသခံတစ်ဦးက ပြောသည်။
လေကြောင်းတိုက်ခိုက်မှုအတွင်း၌ အဝတ်တစ်ထည်၊ ကိုယ်တစ်ခုဖြင့် အသက်လုပြေးလာကြရသည့် မိုးတာလေးဒေသခံများသည် နေအိမ်များပါ မီးရှို့ဖျက်ဆီးခံလိုက်ရသည့် အခြေအနေကြောင့် အစားအသောက်နှင့် စောင်၊ အဝတ်အထည်းများ အရေးပေါ်လိုအပ်နေသည်ဟု သိရသည်။
” သူတို့ရောက်နေတာ ၇ ရက်ကျော်ပြီ။ ဘုန်းကြီးကျောင်းမှာလည်း ရှိတာတွေနဲ့ ချက်ပြုကျွေးနေရတာ ကုန်နေပြီ။ နောက်နှစ်ရက်လောက်ဆို စားစရာကမရှိတော့ဘူး။ ဘုန်းကြီးတွေ အလှူခံထွက်တာကလည်း မလုံလောက်ဘူး ” ဟု မီးဘေးသင့်များကို ကူညီနေသူက ပြောသည်။
မိုးတာလေးမှ မီးဘေးသင့်ပြည်သူများ ခိုလုံနေသည့် ကသာမြို့အနီးရှိ ဘုန်းကြီးကျောင်းတွင် ခိုလုံနေသော ဒေသခံ ၄၀၀ ဦးကျော်ရှိပြီး အလှူရှင်များလည်း ဆက်သွယ်လှူဒါန်းမှု မရှိသောကြောင့် ဝိုင်းဝန်းကူညီပေးကြရန် ၎င်းကတောင်းဆိုသည်။
ကသာမြို့နယ် မိုးတားလေးဒေသဘက်ရှိ မှတ်တိုင်ကျေးရွာတွင် ယမန်နေ့ကအထိ တိုက်ပွဲများဖြစ်ပွားခဲ့ပြီး စစ်ရေးမှာတင်းမာနေသည့် အခြေအနေကြောင့် မီးသေးသင့်ပြည်သူများမှာ နေရပ်ပြန်ပြီး ယာယီတဲများ ဆောက်လုပ်၍ နေထိုင်နိုင်ရန်မှာ အချိန်ကာလတစ်ခု ကြာနေဦးမည်ဟု သိရသည်။
ပုံစာ – ယခုလ ဇန်နဝါရီတတိယအပတ်တွင်း၌ ကသာမြို့နယ်တွင် စစ်ကောင်စီတပ်ကြောင့် နေအိမ်များ ပျက်စီး၊ မီးလောင်မှုများ။