ရွေးကောက်ပွဲ အထမမြောက်အောင် PDF တားဆီးမည်
*************
ဇန်နဝါရီ ၂၇၊၂၀၂၃။
စစ်ကောင်စီ ပြုလုပ်မည့် ရွေးကောက်ပွဲ အထမမြောက်အောင် ရသည့်နည်းဖြင့် တားဆီးမည်ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် PDF ရဲဘော်များက သံလွင်ခက်ကို ပြောသည်။
မုံရွာအခြေစိုက် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင် ခေါင်းဆောင်တစ်ဦးက “ အများပြည်သူလက်မခံတဲ့ရွေးကောက်ပွဲကို ကျွန်တော်တို့လည်း လက်မခံဘူး။ ရတဲ့နည်းနဲ့တားဆီးသွားမှာပါ ” ဟု ပြောသည်။
ကာကွယ်ရေးတပ်ဖွဲ့ဝင်များအနေဖြင့် လူဦးရေနှင့် သန်းခေါင်စာရင်း ကောက်ယူနေမှုများကို စောင့်ကြည့်နေပြီး ပြည်သူများအနေဖြင့် ရွေးကောက်ပွဲ လုပ်ငန်းစဉ်ဆောင်ရွက်နေသူများနှင့်လည်း တတ်နိုင်သမျှ သတိထား နေထိုင်ရန် လိုအပ်သည်ဟုဆိုသည်။
စစ်ကိုင်းတိုင်းမှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက “ တချို့နေရာတွေမှာ ကျွန်တော်တို့ သန်းခေါင်စာရင်းကောက်တဲ့နေရာတွေကို ဝင်ရောက်စီးနင်းနိုင်တဲ့အနေအထားရှိတယ်။ ဒါပေမယ့် အင်အားသာပေမယ့် ပြည်သူတွေကိုငဲ့နေရတာလည်းရှိတယ် ” ဟု ဆိုသည်။
လတ်တလောတွင် စစ်ကောင်စီက ရွေးကောက်ပွဲ ပြုလုပ်ရန် ပြင်ဆင်လာသလို စစ်ကိုင်းတိုင်း၊ မကွေးတိုင်း အပါအဝင် ဒေသတချို့တွင် ရွေးကောက်ပွဲကော်မရှင်ရုံးနှင့် လူဝင်မှုကြီးကြပ်ရေးရုံးတချို့ မီးရှို့ခံနေရသည်။
လက်နက်အားကိုးဖြင့် ပြုလုပ်မည့် ရွေးကောက်ပွဲကို တတ်စွမ်းသည့်နည်းလမ်းဖြင့် ဆန့်ကျင်မှာဖြစ်သည့်အတွက် စစ်ကောင်စီလက်အောက်ခံဝန်ထမ်းများလည်း သတိဖြင့်နေထိုင်ရန် မုံရွာအခြေစိုက် MPF အဖွဲ့ဝင်တစ်ဦးက ပြောသည်။
“ အယောင်ပြရွေးကောက်ပွဲဖြစ်တဲ့အတွက် ပြည်သူတွေနဲ့ ဆန့်ကျင်ဘက်မှာနေတဲ့ စစ်ကောင်စီလက်အောက်ခံဝန်ထမ်းတွေအနေနဲ့ သတိနဲ့နေပါလို့ သတိပေးလိုပါတယ် ” ဟု ၎င်းက ပြောသည်။
အမျိုးသားညီညွတ်ရေးအစိုးရ အပါအဝင် တော်လှန်ရေးအင်အားစုများကလည်း စစ်ကောင်စီ၏ နိုင်ငံရေးထွက်ပေါက်ဖြစ်သည့် ရွေးကောက်ပွဲကို ကန့်ကွက်ကြရန် ပြည်သူများကို တိုက်တွန်းထားသည်။
အမျိုးသားညီညွတ်ရေးအစိုးရ ၊ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောခွင့်ရ ဦးနေဘုန်းလတ်က ” ရွေးကောက်ပွဲကို လိုက်ပါဆောင်ရွက်ပြီး ကူညီနေတဲ့သူအချို့ကို ဖမ်းဆီးထားတာတွေလည်းရှိတယ်။ ဒီလူတွေကိုလည်း တရားဥပဒေနဲ့အညီ အရေးယူသွားမှာဖြစ်ပါတယ်။စစ်ကောင်စီရဲ့ လုပ်ရပ်တိုင်းကို အစိုးရနည်းနာနဲ့ နည်းလမ်းပေါင်းစုံနဲ့ တုန့်ပြန်ဆောင်ရွက်သွားမှာဖြစ်ပါတယ် ” ဟု ပြောသည်။
မိုင်းထောင်ဖောက်ခွဲခြင်း၊ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခြင်းနှင့် မီးရှို့မှုများကြောင့် ၂၀၂၂ ခုနစ် ဇန်နဝါရီလမှ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ အထိ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး ၁၃ ခုနှင့် ရုံးသုံးပစ္စည်းများ ပျက်စီးခဲ့သည်ဟု စစ်ကောင်စီက ထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် ဇန်နဝါရီလ၂၄ ရက်နေ့က စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်ရှိ ခရိုင်လူဝင်မှုကြီးကြပ်ရေးရုံး မီးရှို့ခံရသည့်အတွက် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဝင်ရောက် တပ်စွဲ လုံခြုံရေး ယူထားရသည်။
ရွေးကောက်ပွဲနှင့် သက်ဆိုင်သည့် မှတ်တမ်းစာရွက်များကို အဆိုပါရုံးတွင် ထားရှိသည်ဟု သတင်းရရှိသည့်အတွက် နွေဦးသစ္စာပြောက်ကျားအင်အားစုနှင့် Monywa Ninja Team အပါအဝင် မဟာမိတ်အဖွဲ့ ၅ဖွဲ့က မီးရှို့ခဲ့ခြင်းဖြစ်သည်ဟု နွေဦးသစ္စာပြောက်ကျားအင်အားစုအဖွဲ့ခေါင်းဆောင် ကိုဒေါင်းရာဇာက ပြောသည်။
ထို့ပြင် ဇန်နဝါရီ ၂၅ ရက်နေ့ညပိုင်းက ပဲခူးတိုင်း၊ ဒိုက်ဦးမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးရုံးတွင် ဌာနဆိုင်ရာ အရာရှိများ အစည်းအဝေးလုပ်နေချိန် အပစ်ခံရမှုများ ရှိခဲ့သည်။
ပုံစာ – စစ်ကောင်စီပြုလုပ်မည့် ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ရန် ပါတီဝင်များနှင့်တွေ့ဆုံနေသည့် စစ်ဗိုလ်ချုပ်များဦးဆောင်သည့် ပြည်ခိုင်ဖြိုးပါတီ။
Photo – KY