ယင်းမာပင်မြို့နယ်က ကျေးရွာများ ဆက်တိုက် မီးရှို့ခံနေရ
*********************************
သံလွင်ခက်။
ဇန်နဝါရီ ၂၆၊ ၂၀၂၃။
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်အတွင်းရှိ ကျေးရွာများကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက နေ့စဉ် စစ်ကြောင်းထိုး ဝင်ရောက် မီးရှို့မှုများ လုပ်ဆောင်နေသည်ဟု ဒေသခံများက ပြောသည်။
ကနီမြို့နယ်နှင့် ယင်းမာပင်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ် ရေယာဉ်များ သောင်တင်နေသည့်အတွက် အနီးနားကျေးရွာများကို စစ်ကြောင်းထိုး မီးရှို့နေခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။
ဒေသခံတစ်ဦးက “ မြစ်ကြောင်းမှာ ထောက်ပို့လုပ်နေတဲ့ မော်တော်ယာဉ်တွေက မြစ်ကြောင်းပြတ်တဲ့ အနေထားကြောင့် ရှေ့ဆက်သွားမရဘူး။ ကနီမရောက်ခင်ကို ပြန်ဆုတ်လာတယ်။ သပြေတော၊ ကျောက်မှော်နားမှာ သောင်တင်နေတာကို ကာဖို့ အင်အားတွေ တိုးတယ်။ တိုးပြီးတော့ အဲ့စစ်ကြောင်းက အနီးပတ်ဝန်းကျင်မှာရှိတဲ့ ရွာတွေကို လိုက်မီးရှို့နေတာ ” ဟု ဆိုသည်။
မြစ်ကမ်းဘေးရှိ ကျောက်မှော် ကျေးရွာကို စတင် စစ်ကြောင်းထိုး ဝင်ရောက်ခဲ့သည့် စစ်ကောင်စီစစ်ကြောင်းသည် ဇန်နဝါရီ ၂၃ ရက်နေ့တွင် ကျောက်မှော်၊ အင်းဘက်၊ ကြက်လျှာ၊ ကျောက်ကုန်း၊ ကျွန်းပေါ်၊ နှောပင်၊ ပန်းတိမ်ပြင် စသည့် ကျေးရွာ ၇ ရွာရှိ နေအိမ်များကို မီးရှို့ဖျက်ဆီးမှုများ လုပ်ဆောင်ခဲ့သည်ဟု ဆိုသည်။
အဆိုပါ စစ်ကြောင်းသည် ဇန်နဝါရီ ၂၄ ရက်နေ့တွင် စုန်းချောင်းကျေးရွာနှင့် ရဲတပ်ရင်း ၂၈ အနီးရှိ ကျေးရွာများကို စစ်ကြောင်းထိုးဝင်ရောက်ခဲ့သည်ဟု ဒေသခံများက ပြောသည်။
ထို့နောက် ဇန်နဝါရီ ၂၅ ရက်နေ့တွင် ထန်းတောကြီးကျေးရွာရှိ နေအိမ်များမှ အိမ်ထောင် ပရိဘောဂပစ္စည်းများကို ဖျက်ဆီးမှုများ လုပ်ဆောင်ခဲ့ပြီး ရေပုတ်အင်းအနီးရှိ တဲတိုက်များနှင့် မြရိပ်ကျေးရွာရှိ နေအိမ်များကို မီးရှို့မှုများ လုပ်ဆောင်ခဲ့သည်ဟု ဒေသခံတစ်ဦးက ပြောသည်။
ကျေးရွာများအတွင်း စစ်ကြောင်းထိုးဝင်ရောက်နေမှုများကြောင့် ယင်းမာပင်မြို့နယ်၊ ကျောက်မှော်ကျေးရွာအုပ်စု ၇ ရွာအပါအဝင် ကျေးရွာ ၂၀ နီးပါးမှ ဒေသခံ ထောင်ချီ ထွက်ပြေးတိမ်းရှောင်နေကြရသည်။
ထို့ပြင် စစ်ရှောင်ပြည်သူများအနေဖြင့် လက်ရှိတွင် ရာသီဥတုအခြေအနေကြောင့် ဖျားနာမှုများ ကြုံတွေ့နေရသည်ဟု ဒေသခံတစ်ဦးက ဆိုသည်။
၎င်းက “ စားသောက်ရေးကတော့ ပါလာတာတွေ ဝေမျှစားနေကြတယ်။ ကျန်းမာရေးကတော့ အတော်အခက်ခဲဖြစ်တယ်။ ရာသီဥတုက ဖျားနာနေတဲ့ ရာသီဥတုဆိုတော့ အအေးပတ်တာ နေမကောင်းတာ တော်တော်လေးများတယ် ” ဟုဆိုသည်။
စစ်တပ်က အာဏာသိမ်းချိန်မှစပြီး ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ (၃၁) ရက်နေ့ထိ စစ်ကောင်စီနှင့် လက်အောက်ခံအဖွဲ့အစည်းများက မီးရှို့ဖျက်ဆီးမှုကြောင့် နိုင်ငံတစ်ဝန်းရှိ နေအိမ်ပေါင်း ၄၈,၄၆၃ လုံး ပျက်စီးဆုံးရှုံးခဲ့ရသည် Data For Myanmar က ထုတ်ပြန်ထားသည်။
ပျက်စီးဆုံးရှုံးခဲ့ရသည့် နေအိမ်များတွင် စစ်ကိုင်းတိုင်းမှ နေအိမ် ၃၆,၆၆၇ လုံး ပါဝင်သည်ဟု ဖော်ပြထားသည်။
ပုံစာ – ထွက်ပြေးတိမ်းရှောင်နေသည့် ယင်းမာပင် ဒေသခံများ မြင်ကွင်း။