ကော့ကရိတ်၊ ကျုံဒိုးတိုက်ပွဲ စစ်ကောင်စီတပ်မှ ၉၀ ကျော်သေဆုံးပြီး အထိအခိုက်များစွာဖြင့် တပ်ပြန်ဆုတ်
******************************
ဇန်နဝါရီ ၂၆ ၊ ၂၀၂၃ ။
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့အနီးရှိ ကျေးရွာများတွင် တပ်စွဲထားသောစစ်ကောင်စီတပ်များနှင့် Lion Battalion Commando – ဗျူဟာစစ်ကြောင်းအပါအဝင် မဟာမိတ်တပ်ဖွဲ့များအကြား ပြင်းထန်စွာတိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က အထိအခိုက်များစွာဖြင့် တပ်ဆုတ်သွားခဲ့သည်ဟု သိရသည်။
ကျုံဒိုးမြို့အနီးရှိကော့ကျိုက်၊ အံဂလုံ နှင့် ကမ်းနီစံပြကျေးရွာများအတွင်းသို့ ယခုလဇန်နဝါရီ ၂၀ ရက်တွင် နယ်မြေကျုးကျော်ဝင်ရောက် တပ်စွဲလာသော စစ်ကောင်စီ၏ တပ်မ(၄၄)လက်အောက်ခံတပ်များ ၊ အရှေ့တောင်ပိုင်းတိုင်းလက်အောက်ခံတပ်များအင်အား ၁၅၀ ခန့်ရှိသော စစ်ကြောင်းကို မဟာမိတ်တပ်များက ပူးပေါင်းတိုက်ခိုက်ခဲ့သည်။
KTL Army ၏ ဗျူဟာမှူး ဗိုလ်အယ်စေးဝါဦးဆောင်သော Lion Battelion Commando – ဗျူဟာစစ်ကြောင်း၊KNU/KNDO အမှတ်(၆)တပ်ရင်း၊ ဂဠုန်စစ်ကြောင်း နှင့် DKBA စစ်ကြောင်းများပူးပေါင်း၍ ဇန်နဝါရီလ ၂၀ ရက်မှ၂၆ ရက် အထိ တိုက်ပွဲပြင်းထန်ဖြစ်ပွားခဲ့သည်။
အဆိုပါ တိုက်ပွဲများအတွင်း၌ စစ်ကောင်စီဘက်မှ ကျဆုံးသူ ၉၀ ဦးကျော်အထိရှိခဲ့ပြီး ပြင်းထန်စွာထိခိုက်ဒဏ်ရာရရှိသူ ၅၀ ဦးကျော် အထိရှိသဖြင့် အကျအဆုံး၊ အထိအခိုက် များစွာဖြင့် ပြန်လည်ဆုတ်ခွာသွားခဲ့သည်ဟု Lion ဗျူဟာစစ်ကြောင်းက သတင်းထုတ်ပြန်သည်။
အဆိုပါ ၆ရက်တာ တိုက်ပွဲအတွင်း ကမ်းနီစံပြ ကျေးရွာအတွင်းသို့ စစ်ကောင်စီ၏အမှတ်(၅၄၅ /၅၄၆) အမြောက်တပ်မှ လက်နက်ကြီးအကြိမ်ရေပေါင်း၂၀၀ ကြိမ် ကျော်ပစ်ခတ်ခဲ့သည့်အပြင် လေကြောင်းစစ်ကူအနေဖြင့် (JY/130) တိုက်
လေယာဉ်အမျိုးအစား နှင့် (Mi 35) လေယာဉ်အမျိုးအစားများ အသုံးပြု၍ ၁၀ကြိမ်နှင့်အထက် ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ ကျေးရွာအတွင်းရှိ နေအိမ် ၅ လုံး မီးလောင်ပျက်စီး ဆုံးရှုံးခဲ့ရသည်။
တိုက်ပွဲအတွင်း ပူးပေါင်းမဟာမိတ်တပ်များဘက်မှ KNDO အမှတ် (၆)တပ်ရင်းမှ တပ်ခွဲမှုးဗိုလ်စောလင်းဌေးနှင့် ရဲဘော် ၂ ဦးကျဆုံးခဲ့ရသည်ဟု သိရသည်။
ကော့ကရိတ်၊ ကျုံဒိုတိုက်ပွဲများအတွင်း၌ စစ်ကောင်စီတပ်ဖွဲ့ဝင် ၉၀ ဦးကျော်သေဆုံးမှုကို သံလွင်ခက်အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။