စစ်ကောင်စီတိုက် လေယာဉ်ပျံသန်းမှု ရန်စသည့်လုပ်ရပ်ဟု SSPP တုံ့ပြန်
********************
သံလွင်ခက်
ဇန်နဝါရီ ၂၄၊၂၀၂၃။
ရှမ်းပြည်တိုး
တက်ရေးပါတီ SSPP/SSA ဌာနချုပ်တည်ရှိရာ ရှမ်းပြည်နယ်၊ ဝမ်းဟိုင်းမြို့နယ်အတွင်း စစ်ကောင်စီတပ် တိုက်လေယာဉ်ပျံသန်းမှုများရှိခဲ့သည်။
ယနေ့ ဇန်နဝါရီ ၂၄ ရက် နံနက် ၁၁:၅၀ နာရီ အချိန်တွင် စစ်ကောင်စီတပ်မှ YAK-130 အမျိုးစား ဂျက်တိုက်လေယာဉ် အနိမ့်ရှပ်ပျံသန်းခဲ့ခြင်းဖြစ်ပြီး အဆိုပါ ဖြစ်ရပ်ကို စစ်ကောင်စီ၏ ရန်စစော်ကားမှုဟု SSPP က ထုတ်ပြန်သည်။
ထို့ကဲ့သို့ အကြောင်းမကြားဘဲ နောက်တစ်ကြိမ် အနိမ့်ပျံသန်းမှု ၊လေ့ကျင့်မှုများ ထပ်မံပြုလုပ်ပါက တပ်မတော်တာဝန်သာဖြစ်သည်ဟု ထုတ်ပြန်ချက်က ဆိုသည်။
တပ်မတော်၏ လေယာဉ်ပျံသန်းရသည့် အကြောင်းရင်းကိုလည်း ၎င်းတို့အနေဖြင့် သိရှိလိုသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါဖြစ်စဉ်ကို ရှမ်းပြည်တိုးတက်ရေးပါတီက တပ်မတော်ငြိမ်းချမ်းရေးညှိနှိုင်းရေးကော်မတီအတွင်းရေးမှူး(၂) ဒုတိယဗိုလ်ချုပ်ကြီး မင်းနောင်ထံ ဆက်သွယ်မေးမြန်းထားသော်လည်း
၎င်းကိုယ်တိုင် မသိရသေးဟု အကြောင်းပြန်ထားသည်။
ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းတွင် ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လုံမြို့၊ ဆင်နင်းတောင်အနီးရှိ ရှမ်းပြည် တိုးတက်ရေးပါတီ (SSPP) တပ်များ ပြန်ဆုတ်ရန် စစ်ကောင်စီတပ်က ဖိအားပေးလုပ်ဆောင်မှုများလည်းရှိသည်။