ကေအဲန်ယူ–ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ၆ နယ်မြေအတွင်း၌ တိုက်ပွဲများဆင်နွှဲနေသည့် ကျားသစ်နက်စစ်ကြောင်း၏ ထုတ်လုပ်ရေးအဖွဲ့မှ လက်လုပ်အာရ်ပီဂျီစမ်းသပ်ပစ်ခတ်စဉ် မတော်တဆပေါက်ကွဲခဲ့ပြီးရဲဘော်တစ်ဦး ကျဆုံးခဲ့ရသည်ဟု သိရသည်။
ကျားသစ်နက်စစ်ကြောင်း၏ ရဲဘော်တင်ဆန်း(ခေါ်) ကိုအောင်ဆန်း(၄၂နှစ်)သည် ယမန်နေ့ ဇန်နဝါရီလ ၂၄ရက်၊နံနက် ၁၀:၂၆နာရီတွင် မတော်တဆပေါက်ကွဲမှု၌ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အဆိုပါဒဏ်ရာဖြင့်ပင်ကျဆုံးခဲ့သည်ဟုယနေ့တွင် ကျားသစ်နက်စစ်ကြောင်းက သတင်းထုတ်ပြန်သည်။
စည်းကမ်းပြည့်ဝပီး လွတ်လပ်မျှတသော ဖယ်ဒရယ်ဒီမိုကရေစီဖော်ဆောင်နိုင်ရေး တိုက်ပွဲအတွင်း ရဲဘော်၏ ပေးအပ်သောတာဝန်များအပေါ် စွမ်းစွမ်းတမံထမ်းဆောင်ခဲ့မှုများအတွက် စစ်ကြောင်းအနေဖြင့် ထာဝရအမှတ်ရဂုဏ်ယူနေမည်ဖြစ်ပြီးရဲဘော်တင်ဆန်း ကောင်းရာသုဂတိလားပါစေဟု ကျားသစ်နက်စစ်ကြောင်းက ဖော်ပြထားသည်။
အလားတူယခုလအတွင်း၌ ကျားသစ်နက်စစ်ကြောင်းမှ တော်လှန်ရေးရဲဘော် လက်ခ်ျမီးသည်လည်း နိုင်ငံတော်အတွက်မိမိအသက်ကိုပဓာနမထားဘဲရွပ်ရွပ်ချွံချွံတိုက်ပွဲဝင်ရင်း မြင့်မြတ်စွာ ကျဆုံးခဲ့ရသည်ဟု ကျားသစ်နက်စစ်ကြောင်းကဖော်ပြထားသည်။
ယခုလ ဇန်နဝါရီ၈ရက်၊ ညဦးပိုင်းတွင် မြဝတီ–ကော့ကရိတ် အာရှလမ်းမ တစ်နေရာအား ကျားသစ်နက်စစ်ကြောင်းက နယ်မြေရှင်းလင်းရေး ဆောင်ရွက်ခဲ့ရာ ကော့နွှဲဘက်သို့စစ်ကူသွားရောက်သော တပ်မ (၄၄) လက်အောက်ခံ ခမရ (၃) နှင့် ထိတွေ့ တိုက်ပွဲ ဖြစ်ပွားခဲ့ရာ ထိုတိုက်ပွဲအတွင်း၌ ရဲဘော်လက်ချ်မီး ကျဆုံးခဲ့ခြင်းဖြစ်သည်။
ပုံစာ–ယခုလအတွင်း ကျားသစ်နက်စစ်ကြောင်းမှကျဆုံးခဲ့သော ရဲဘော်နှစ်ဦး၏ စျာပန။