ပိုလီယို အကြောသေ ရောဂါသည်တစ်ဦးနှင့် ဒေသခံ ၇ ဦး အဖမ်းခံရ
***************
သံလွင်ခက်။
ဇန်နဝါရီ ၂၄၊ ၂၀၂၃။
စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်တွင် စစ်ကောင်စီတပ်စစ်ကြောင်းနှင့် ထိပ်တိုက်တွေ့ဆုံခဲ့သည့် ပိုလီယို အကြောသေရောဂါခံစားနေရသူ တစ်ဦးအပါအဝင် ဒေသခံ ၈ ဦး ဖမ်းဆီးခံထားရသည်ဟု ဒေသခံများက သံလွင်ခက်သတင်းဌာနကို ပြောသည်။
ယမန်နေ့ ဇန်နဝါရီ ၂၃ ရက်နေ့ မနက်ပိုင်းတွင် တန့်ဆည်မြို့နယ်၊ နဘက်ကြီးကျေးရွာမှ ထွက်ခွာလာသည့် စစ်ကောင်စီစစ်ကြောင်းနှင့် ထိပ်တိုက်တွေ့သည့် ဖလံချိုင်ကျေးရွာမှ ဒေသခံအမျိုးသား ၅ ဦးနှင့် ရွာသစ်ရွာမှ ဒေသခံ အမျိုးသား ၃ ဦး စုစုပေါင်း ၈ ဦးဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။
တုတ်တလုတ်ကျေးရွာနှင့် ရွာသစ်ကျေးရွာအနီးတွင် စစ်ကြောင်း ထိုးလာသည့် စစ်ကောင်စီ စစ်ကြောင်းနှင့် ထိပ်တိုက်တွေ့ဆုံပြီး ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု ဖလံချိုင်ဒေသခံ အမျိုးသားတစ်ဦးက သံလွင်ခက်ကို ပြောသည်။
၎င်းက “ ရွာသစ်ရဲ့ အရှေ့ဘက် တောထဲပုန်းနေတဲ့အချိန် မထင်မှတ်ဘဲ ထိပ်တိုက်တိုးပြီး အဖမ်းခံရတာ ” ဟု ပြောသည်။
ဖမ်းဆီးခံခဲ့ရသူများတွင် ဖလံချိုင်ကျေးရွာ ဒေသခံ အသက် ၅၀ကျော်အရွယ် အမျိုးသားတစ်ဦးနှင့် ၎င်း၏ သားဖြစ်သူ ပိုလီယို ဝေဒနာခံစားနေရသူ အမျိုးသားတစ်ဦးလည်း ပါဝင်သည်။
အခြား အမျိုးသား ၃ ဦးမှာ အသက် ၂၇ နှစ် ဝန်းကျင် အရွယ် လူငယ်များဖြစ်သည်ဟု ဒေသခံများက ဆိုသည်။
ဒေသခံများကို ဖမ်းဆီးခဲ့သည့် အဆိုပါ စစ်ကြောင်းသည် ယခင်ကတည်းက ရွှေလှန်ကျေးရွာတွင် ရောက်ရှိတပ်ဆွဲထားခြင်းဖြစ်ပြီး ဒေသခံများမှာလည်း ယနေ့ အချိန်ထိ ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးပေ။
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၂၂ ရက်နေ့ကလည်း အင်္ကုက္ကားကျေးရွာနှင့် နဘက်ကြီးကျေးရွာကြားတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်များကြား တိုက်ပွဲဖြစ်ပွားခဲ့သည်။
စစ်ကောင်စီစစ်ကြောင်းတပ်စွဲထားသည့် အနီးတစ်ဝိုက်တွင် အချိန်မရွေး တိုက်ပွဲဖြစ်ပွားနိုင်သည့်အတွက် ဒေသခံများအနေဖြင့် စစ်ကြောင်းနှင့် ၃ မိုင် အတွင်း သွားလာ နေထိုင်ခြင်းမပြုရန် ကာကွယ်ရေးတပ်ဖွဲ့ဝင်များက အသိပေးထားသည်။
ပုံစာ – စစ်ဘေးတိမ်းရှောင်နေရသည့် ဒေသခံပြည်သူများ/ ပုံ – အဟောင်း
Photo – Taze News